အဓိကအကြောင်းအရာသို့ သွားမည်
x

Customer ၁၅ သန်း၏အချက်အလက်များကို ပြန်လည်ရယူရန် LifeLabs သည် ဟက်ကာများအား ငွေပေးချေ

          အချက်အလက်ကျိုးပေါက်မှုသည် နိုဝင်ဘာလအစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓာတ်ခွဲခန်းစမ်းသပ်မှု ရလဒ် ၈၅,၀၀၀ ကိုလည်းဟက်ကာများမှရရှိခဲ့သည်။

          ကနေဒါနိုင်ငံ၏ ရောဂါရှာဖွေစစ်ဆေးသည့် ဓာတ်ခွဲခန်းနှင့်စမ်းသပ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ ဦးဆောင်ကုမ္ပဏီဖြစ်သော LifeLabs သည် ပြီးခဲ့သည့်လက လုံခြုံရေးဖောက်ဖျက်မှုတစ်ခုအတွင်း ခိုးယူထားသောအချက်အလက်များကိုရယူရန်အတွက် ဟက်ကာများအား ငွေပေးချေခဲ့သည့်အကြောင်းကို ဝန်ခံပြောကြားခဲ့သည်။

          "ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေရယ်၊ ဆိုက်ဘာပြစ်မှုကျူးလွန်သူတွေ စေ့စပ်ညိနှိုင်းမှုတွေရယ် လုပ်ခဲ့ပြီး ကျွန်တော်တို့က ဟက်ကာတွေကို ငွေပေးချေခဲ့တာဖြစ်တယ်" ဟု ကုမ္ပဏီက ယနေ့သတင်းထုတ်ပြန်သည်။

          ကုမ္ပဏီအနေဖြင့် ဒေတာများကို ပြန်လည်ရရှိရန် မည်မျှပေးလိုက်ရသည်ကိုတော့ ရှင်းလင်းခြင်း မရှိပေ။ LifeLabs ၏ပြောရေးဆိုခွင့်ရှိသူထံသို့ ဖုန်းခေါ်ဆိုမှုများပြုလုပ်ချိန်တွင် မှတ်ချက်တစ်စုံတရာ ရရှိခြင်း မရှိခဲ့ပါ။

          အွန်တာရီရိုပြည်နယ်၏ ပြန်ကြားရေးနှင့်လုံခြုံရေးကော်မရှင်ရုံးနှင့် ဗြိတိသျှကိုလံဘီယာ၏ သတင်းနှင့် လုံခြုံရေးကော်မရှင်နာရုံးသို့ တင်သွင်းသော စာရွက်စာတမ်းများအရ ၎င်းလုံခြုံရေးကျိုးပေါက်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်ခန့်တွင် ဖြစ်ပွားခဲ့သည်။

          LifeLabs ကပြောကြားရာတွင်ဟက်ကာများသည် ၎င်း၏စနစ်များကို ဝင်ရောက်၍ Customer များ၏ အချက်အလက်များကိုထုတ်ယူပြီး ကုမ္ပဏီက ၎င်း၏အချက်အလက်များကို ပြန်လည်ရရှိရန်အတွက် ပြန်ပေးငွေတောင်းခံခဲ့ခြင်းဖြစ်သည်။

          LifeLabs ၏ပြောကြားချက်အရ ဟက်ကာများသည် customer ၁၅ သန်းကျော်၏ သတင်းအချက်အလက်ကို ရယူခဲ့သည်။ တိုက်ခိုက်သူများ ခိုးယူခဲ့သော ကိုယ်ရေးကိုယ်တာ အချက်အလက်အမျိုးအစားများတွင် အမည်များ၊ အိမ်လိပ်စာများ၊ အီးမေးလ်လိပ်စာများ၊ သုံးစွဲသူအမည်များ၊ စကားဝှက်များနှင့် ကျန်းမာရေးကဒ်နံပါတ်များအပြင် Customer ၈၅၀၀၀၏ ဆေးစစ်ချက်ရလဒ်များလည်း ပါဝင်နေပါသည်။

          ခိုးယူသည့်အချက်အလက်များသည် ၂၀၁၆ ခုနှစ်နှင့် အစောပိုင်း ကာလများမှ အချက်အလက်များဖြစ်သည်ဟု LifeLabs က ပြောကြားသည်။

          ယခုအခါ ကနေဒါကုမ္ပဏီသည် ၎င်းတိုက်ခိုက်မှုကိုစုံစမ်းစစ်ဆေးရန်အတွက် တရားရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ထို့အပြင် ၎င်း၏ဆာဗာများကို ဟက်ကာများ ဝင်ရောက်ခဲ့သည့် အားနည်းချက်နေရာကိုလည်း ပြင်ဆင်ခဲ့သည်။

          “ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေက ဒီဆိုက်ဘာတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဖောက်သည်တွေအတွက်အန္တရာယ် နည်းပါးကြောင်းနှင့် Dark Web နဲ့ အခြားအွန်လိုင်းနေရာတွေကိုလည်း စာင့်ကြည့်ခြင်းနေတဲ့အခါမှာတော့ Customer တွေရဲ့ အချက်အလက်များကို ပေါက်ကြားခြင်းတွေ မတွေ့ရှိရကြောင်း” LifeLabs ၏ ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ ချားလ်စ်ဘရောင်းက ပြောကြားခဲ့သည်။

          ထိခိုက်နစ်နာသူများအတွက် နောက်ထပ်သတင်းအချက်အလက်များကို LifeLabs ၏ အင်တာနက်စာမျက်နှာရှိ လုံခြုံရေးသတိပေးချက်တွင် ဖတ်ရှုနိုင်ပါသည်။

Catalin Cimpanu ၏ "LifeLabs pays hackers to recover data of 15 million customers" ကို ဘာသာပြန်ဆိုပါသည်။