အဓိကအကြောင်းအရာသို့ သွားမည်
x

ဘိုးအင်းက LockBit ransomware တိုက်ခိုက်ခံရကြောင်း အတည်ပြု

          လေကြောင်းကုမ္ပဏီကြီး ဘိုးအင်းသည် LockBit ransomware ဂိုဏ်းက ၎င်းတို့အနေဖြင့် ကုမ္ပဏီ၏ ကွန်ရက်ကို တိုက်ခိုက်ခဲ့ပြီး ဒေတာများ ခိုးခဲ့ကြောင်းအတည်ပြုပြောဆိုပြီးနောက်တွင် ၎င်း၏ အစိတ်အပိုင်းများနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများအား ထိခိုက်စေခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးလျက်ရှိပါသည်။

          တိုက်ခိုက်မှုဖြစ်စဉ်သည် လေယာဉ်ပျံသန်းမှုဘေးကင်းရေးကို ထိခိုက်စေခဲ့ခြင်း မရှိကြောင်းနှင့် ဆက်လက်စစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဘိုးအင်းက အတည်ပြု ပြောကြားခဲ့သည်။

          ဘိုးအင်း၏ ဝန်ဆောင်မှု Website သည်လက်ရှိတွင် မူလအတိုင်း အလုပ်မလုပ်တော့ဘဲ ထိုရပ်တန့်မှုသည် “နည်းပညာဆိုင်ရာ ပြဿနာများ” ကြောင့်ဖြစ်သည်ဟု စာရေးသားထားပါသည်။

          “ကျွန်တော်တို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေကို ထိခိုက်စေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်ကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီပြဿနာက လေယာဉ်ပျံသန်းမှု ဘေးကင်းရေးကိုတော့ မထိခိုက်စေပါဘူး” ဟု ဘိုးအင်းက BleepingComputer သို့ ပြောဆိုသည်။

          “ကျွန်တော်တို့အနေနဲ့ ဒီဖြစ်စဉ်ကို တက်တက်ကြွကြွ စုံစမ်းနေပြီး တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေနဲ့ ထောက်ပံ့ပေးသွင်းသူတွေကိုလည်း အကြောင်းကြားထားပါတယ်”

          LockBit က ၎င်းတို့အနေဖြင့် ဘိုးအင်း၏ကွန်ရက်တွင်းသို့ ဒေတာများခိုးရန် ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အတည်ပြုပြောဆိုခြင်းအား ကုမ္ပဏီက စစ်ဆေးနေကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ BleepingComputer သို့ ပြောကြားပြီးနောက် ဤကြေညာချက် ထွက်လာခြင်းဖြစ်ပါသည်။

Boeing services website down

ဘိုးအင်း၏ဝန်ဆောင်မှု Website အလုပ်မလုပ်တော့ပုံ (BleepingComputer)

          Ransomware ဂိုဏ်းက ၎င်းတို့သည် ဘိုးအင်း၏ ကွန်ရက်တွင်းထိုးဖောက်ခဲ့ပြီး အရေးကြီး အချက်အလက်မြောက်မြားစွာ ခိုးယူခဲ့ကြောင်းနှင့် လေယာဉ်ထုတ်လုပ်သူမှ နောက် ၅ ရက် အတွင်း ၎င်းတို့အား ဆက်သွယ်ခြင်းမပြုခဲ့ပါက အချက်အလက်များကို အွန်လိုင်းတွင် ဖွင့်ချမည်ဖြစ်ကြောင်း သောကြာနေ့က ပြောဆိုသည်။

          ဘိုးအင်းက LockBit ၏ ပြောဆိုချက်များနှင့်  ၎င်း၏စနစ်အချို့ကို ထိခိုက်စေသည့် တိုက်ခိုက်မှုဖြစ်စဉ်အကြား ပေါက်ကြားမှုကို အတည်မပြုသေးသော်လည်း ဆိုက်ဘာရာဇဝတ်မှု လုပ်ဆောင်သူများ၏ မြေအောက် Website ရှိ ဒေတာပေါက်ကြားမှုစာမျက်နှာအား ယခုအခါ ဖယ်ရှားလိုက်ပြီဖြစ်ပါသည်။

          “ဘိုးအင်းက နောက်ဆုံးသတ်မှတ်ချိန်အတွင်း မဆက်သွယ်ခဲ့ရင် အရေးကြီးတဲ့အချက်အလက် အများအပြားကို ထုတ်ပြဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု အဆိုပါဂိုဏ်း၏ မက်ဆေ့ချ်ကို မဖယ်ရှားမီ ဖတ်လိုက်ရသည်။

          “လောလောဆယ်တော့ ကုမ္ပဏီကို ကာကွယ်ဖို့ စာရင်း သို့မဟုတ် နမူနာအချက်အလက်တွေကို မပို့သေးပေမယ့် နောက်ဆုံးသတ်မှတ်ချိန်ထိတော့ ဒါတွေကို သိမ်းထားမှာ မဟုတ်ပါဘူး”

          ဤအခြေအနေသည် တိုက်ခိုက်ခံလိုက်ရသူများက Ransomware ဂိုဏ်းနှင့် ငွေချေရန် အပေးအယူစလုပ်နေချိန် (သို့မဟုတ်) ခိုးယူခံထားရသော ဖိုင်များကို အွန်လိုင်းတွင် လွှင့်တင်ခြင်းနှင့် Decryptor tool ကို ရရှိရန် ငွေပေးလိုက်ပြီးချိန်တွင် ဖြစ်နေကြဖြစ်သည်။

Boeing page on LockBit data leak site

LockBit ၏ ဒေတာဖွင့်ချမှု Website တွင် ဘိုးအင်းနှင့်ပတ်သက်၍ ဖော်ပြထားသောစာမျက်နှာ (BleepingComputer)

          LockBit Ransomware ဝန်ဆောင်မှုနှင့်ပတ်သက်သော လှုပ်ရှားမှုများသည် ၂၀၁၉ ခုနှစ် စက်တင်ဘာကတည်းက ပေါ်ပေါက်ခဲ့ပြီး မော်တော်ကားကုမ္ပဏီကြီး Contnental၊ UK Royal Mail၊ အီတလီပြည်တွင်းအခွန်ဝန်ဆောင်မှုနှင့် City of Oakland တို့သည် ထင်ရှားသော တိုက်ခိုက်ခံရသူများ ဖြစ်သည်။

          LockBit Ransomware လှုပ်ရှားမှုသည် ၂၀၂၀ ပြည့်နှစ်ကတည်းမှစ၍ တိုက်ခိုက်မှုပေါင်း ၁၇၀၀ ခန့်ကို ဆောင်ရွက်ပြီးနောက် အမေရိကန်အဖွဲ့အစည်းများမှ အနည်းဆုံး ဒေါ်လာ ၉၁ သန်း ခန့် ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်နှင့် ကမ္ဘာတစ်လွှားမှ ဆိုက်ဘာလုံခြုံရေးအာဏာပိုင်များက ဇွန်လ ပူးပေါင်းထုတ်ပြန်မှုတွင် ထုတ်ပြန်ခဲ့သည်။ 

          ဘိုးအင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၆၅ နိုင်ငံတွင် လူပေါင်း ၁ သိန်း ၄ သောင်းကျော်ကို အလုပ်ခန့်ပေးထားသည့် အကြီးဆုံးသော လေကြောင်းနှင့် ကာကွယ်ရေး ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်သည်။

          ၎င်းသည် နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ ဖောက်သည်များအတွက် စီးပွားဖြစ်လေယာဉ်များ၊ ကာကွယ်ရေးထုတ်ကုန်များနှင့် အာကာသစနစ်များကို တီထွင်ထုတ်လုပ်ကာ ဝန်ဆောင်မှုပေးသည်။

“Sergiu Gatlan” ၏ “Boeing confirms cyberattack amid LockBit ransomware claims” ကို ဘာသာပြန်ဆိုသည်။