အဓိကအကြောင်းအရာသို့ သွားမည်
x

Cyber Security Awareness Video Competition - 2026 (University Level) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား၊ ဒီဂျစ်တယ်နှင့် လူငယ် စကားဝိုင်းဆွေးနွေးပွဲနှင့် Myanmar Cyber Security Challenge - 2026 (MCSC-2026) ပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၉

          Cyber Security Awareness Video Competition - 2026 (University Level) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား၊ ဒီဂျစ်တယ်နှင့် လူငယ် စကားဝိုင်းဆွေးနွေးပွဲနှင့် Myanmar Cyber Security Challenge - 2026 (MCSC-2026) ပြိုင်ပွဲကို နေပြည်တော်၊ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၅ နှင့် ရုံးအမှတ် ၂ တို့၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး တက်ရောက် အမှာစကား ပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်မှုဟာ သီးခြားစီ မဟုတ်တော့ဘဲ တစ်ခုနဲ့ တစ်ခု အပြန်အလှန်ချိတ်ဆက်နေတဲ့ ဖွံ့ဖြိုးတိုး တက်မှုရဲ့ အခြေခံအင်အားတွေ ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီဂျစ်တယ်နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိထိရောက်ရောက် အသုံးချနိုင် ရေးကို အရေးကြီးတဲ့ ဦးစားပေး ကဏ္ဍတစ်ခုအဖြစ် ရှုမြင်ကြောင်း၊  ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ နည်းပညာ အသစ်တွေကို အသုံးပြုနိုင်ရုံလောက် မဟုတ်ဘဲ ပြည်သူတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရတို့အကြား ဒီဂျစ်တယ်ချိတ်ဆက်မှုတွေ ပိုမိုကောင်းမွန် လာပြီး ရေရှည်တည်တံ့တဲ့ ဒီဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ဖို့ ဖြစ်ကြောင်း၊ ဒီဂျစ်တယ်နည်းပညာကို နည်းပညာအသုံးချမှု တစ်ခုအဖြစ်သာ မမြင်ဘဲ စီးပွားရေးတိုးတက်မှု၊ ပြည်သူ့ဝန်ဆောင်မှု ကောင်းမွန်မှု၊ လူမှုဘဝတိုးတက်မှုနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ပေးနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုတစ်ရပ် အဖြစ် အသုံးချသွားဖို့ ဖြစ်ကြောင်း၊ ချိတ်ဆက်မှုရှိတဲ့၊ အားလုံးပါဝင်နိုင်တဲ့၊ ဆန်းသစ်တီထွင်မှုကို အားပေးတဲ့၊ လုံခြုံစိတ်ချရပြီး ယုံကြည်စိတ်ချရတဲ့ ဒီဂျစ်တယ်ဂေဟစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Myanmar Cyber Security Challenge ပြိုင်ပွဲများကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပပေးခဲ့ကြောင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲများ ကျင်းပ ပေးခြင်း၏ အဓိက ရည်ရွယ်ချက်မှာ  ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာစေရန်၊ လူငယ်များအကြားတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ဖြစ်ကြောင်း၊ ပြိုင်ပွဲများမှ ဆုရရှိသူများကို ဒေသတွင်းနှင့် နိုင်ငံတကာ ဆိုက်ဘာ လုံခြုံရေး ပြိုင်ပွဲများသို့ နှစ်စဉ် စေလွှတ်ယှဉ်ပြိုင်စေခဲ့ကြောင်း၊ ပြိုင်ပွဲမှ ရရှိလာသော အတွေ့အကြုံ များကို အသုံးချပြီး ပြင်ပတွင် ကြုံတွေ့နေရသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်း နိုင်ရန် အထောက်အကူ ဖြစ်စေမှာ ဖြစ်ကြောင်း ပြောကြားသည်။

          ယင်းနောက်  ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က Cyber Security Awareness Video Competition - 2026 (University Level)  ပြိုင်ပွဲတွင် ပထမဆု ရရှိသော အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ မောင်ကောင်းခန့်ကျော်စွာ၊ ဒုတိယဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မယုယတွယ်တာဦး၊ တတိယဆုရရှိသော ရန်ကုန်နည်းပညာတက္ကသိုလ်မှမချောသီရိခိုင်၊ နှစ်သိမ့်ဆုရရှိသော ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ မောင်အောင်ထင်နှင့် နှစ်သိမ့် ဆုရရှိသော သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ မောင်ထူးမြတ်မင်းအိမ်တို့ အား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခဲ့သည်။ ယခု ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ဗီဒီယိုဖိုင်အား Cyber Security Brunei ကတာဝန်ယူဆောင်ရွက်သော ASEAN-JAPAN Cyber Security Awareness Video Competition 2026 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ဖိတ်ကြားထားသူများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြပြီး Myanmar Cyber Security Challenge  - 2026 ပြိုင်ပွဲဝင်များကို လှည့်လည် ကြည့်ရှုအားပေးသည်။

Myanmar Cyber Security Challenge - 2026 ပြိုင်ပွဲသို့ တပ်မတော်နည်းပညာတက္ကသိုလ်၊ Naypyitaw State Academy ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)နှင့် Polytechnic တက္ကသိုလ် (မအူပင်) တို့မှ အသင်း ၂၅ သင်း၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၇၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ Ti Ni Ni အသင်းက ပထမ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ Z4_N@7_K4 အသင်းက ဒုတိယနှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ Team_Mahawthadarအသင်းက တတိယ အသီးသီး ရရှိခဲ့ကြပြီး ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။