AI နည်းပညာသုံး CSAM ဖြန့်ဖြူးမှုကွန်ရက်နှင့် ပတ်သက်သော သံသယရှိသူများကို ရဲတပ်ဖွဲ့ ဖမ်းဆီး
၁၉ နိုင်ငံမှ ဥပဒေစိုးမိုးရေးအေဂျင်စီများသည် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသော ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပစ္စည်းများ (CSAM) ကို ဖြန့်ဖြူးနေသည့် ရာဇဝတ်ကွန်ရက်နှင့် ဆက်နွယ်နေသော သံသယရှိသူ ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။
ဒိန်းမတ်ဥပဒေစိုးမိုးရေးမှ ညှိနှိုင်းဆောင်ရွက်ပြီး ဥရောပရဲတပ်ဖွဲ့ (Europol) ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သော “ကမ်ဘာလန် စစ်ဆင်ရေး” တွင် အီလက်ထရောနစ်ပစ္စည်း ၁၇၃ ခုကို သိမ်းဆည်းရမိခဲ့ပြီး ရာဇဝတ်ကွန်ရက်နှင့် ဆက်နွယ်နေသော အဖွဲ့ဝင်ဟု သံသယရှိသူ ၂၇၃ ဦးကို ဖော်ထုတ်နိုင်ခဲ့သည်။
ဤပူးပေါင်းဆောင်ရွက်မှုအတွင်း ဖမ်းဆီးခံရသူအများစုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ နေအိမ် ၃၃ ခုကို ဝင်ရောက်ရှာဖွေပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အဓိကသံသယရှိသူဖြစ်သော ဒိန်းမတ်နိုင်ငံသားတစ်ဦးကို အွန်လိုင်းပလက်ဖောင်းတစ်ခုမှတစ်ဆင့် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော အကြောင်းအရာများကို ဖြန့်ဖြူးမှုဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ သံသယရှိသူ၏ ဝန်ဆောင်မှုကို အသုံးပြုလိုသူများသည် အွန်လိုင်းမှ ငွေပေးချေပြီးနောက် စကားဝှက်ရယူကာ အနိုင်ကျင့်ခံရသည့် ကလေးငယ်များ ပါဝင်သော AI နည်းပညာဖြင့် ထုတ်လုပ်ထားသည့် အကြောင်းအရာများကို ကြည့်ရှုနိုင်သည်။
“ဒီပုံရိပ်တွေကို ဉာဏ်ရည်တုနည်းပညာနဲ့ အလွယ်တကူ ဖန်တီးနိုင်တာကြောင့် နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတ အများကြီးမလိုဘဲ ရာဇဝတ်မှု ကျူးလွန်လိုစိတ်ရှိသူတွေကတောင် ထုတ်လုပ်နိုင်ပါတယ်” ဟု ဥရောပရဲတပ်ဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကက်သရင်း ဒီဘိုလ်လီ က ပြောကြားခဲ့သည်။ “ဒါဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပစ္စည်းတွေ ပျံ့နှံ့မှု များပြားလာစေပြီး ပမာဏ တိုးလာတာနဲ့အမျှ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ပြစ်မှုကျူးလွန်သူတွေ ဒါမှမဟုတ် နစ်နာသူတွေကို ခွဲခြားသတ်မှတ်ဖို့ ပိုမိုခက်ခဲလာပါတယ်။”
ဥရောပရဲတပ်ဖွဲ့သည် ၂၀၁၇ ခုနှစ်ကတည်းက “ကလေးသူငယ်အမြတ်ထုတ်မှုကို ရပ်တန့်ပါ - ပစ္စည်းတစ်ခုကို ခြေရာခံပါ” အစီအစဉ်ကို စတင်ဦးဆောင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများနှင့် ဆက်စပ်သော အရာဝတ္ထုများကို ခွဲခြားသတ်မှတ်ခြင်းဖြင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကိစ္စရပ်များကို အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များကို ပြည်သူများက ပေးပို့နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။
ဤအစီအစဉ်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအထိ နစ်နာသူ ၃၀ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး ဥပဒေစိုးမိုးရေးအရာရှိများအား သတင်းပေးပို့ချက်ပေါင်း ၂၈,၀၀၀ နီးပါးမှ ရရှိသော အချက်အလက်များအပေါ် အခြေခံ၍ ပြစ်မှုကျူးလွန်သူ ၆ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။
သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့သည်လည်း အာရှပစိဖိတ်ဒေသကို အဓိကထား၍ “ကလေးသူငယ် အမြတ်ထုတ်မှုကို ရပ်တန့်ပါ” အစီအစဉ်၏ ကိုယ်ပိုင်ဗားရှင်းကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် စတင်ခဲ့သည်။
“ဥရောပရဲတပ်ဖွဲ့နှင့် ၎င်း၏ မိတ်ဖက်များသည် လာမည့်ရက်များတွင် AI ကို တရားမဝင် ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို မီးမောင်းထိုးပြမည့် အွန်လိုင်းလှုပ်ရှားမှုတစ်ခုကို စတင်မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်နိုင်ချေရှိသူများကို ၎င်းတို့ အများဆုံးလှုပ်ရှားသည့် အွန်လိုင်းပေါ်တွင် ပစ်မှတ်ထားမည်ဖြစ်သည်” ဟု ဥရောပရဲတပ်ဖွဲ့က သောကြာနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။ “ဤလှုပ်ရှားမှုတွင် တရားမဝင်အကြောင်းအရာများ ဝယ်ယူသူများထံသို့ အွန်လိုင်းမက်ဆေ့ချ်များ ပေးပို့ခြင်းအပြင် အိမ်တိုင်ရာရောက် သတိပေးခြင်း၊ လူမှုမီဒီယာမက်ဆေ့ချ်များနှင့် သတိပေးစာများ ပေးပို့ခြင်းကဲ့သို့သော အခြားနည်းလမ်းများကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။”
ယခုသီတင်းပတ်တွင် Microsoft သည်လည်း ကျော်ကြားသူများ၏ ပုံတူများကို ဖန်တီးခြင်း (Deepfakes) အပါအဝင် တရားမဝင်အကြောင်းအရာများကို ထုတ်လုပ်ရန်အတွက် ဉာဏ်ရည်တုနည်းပညာ၏ လုံခြုံရေးယန္တရားကို ကျော်လွှားရန် အန္တရာယ်ရှိပရိုဂရမ်များကို ဖန်တီးနေသည်ဟု စွပ်စွဲခံထားရသည့် Storm-2139 ဟုခေါ်သော ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းနှင့် ဆက်နွယ်နေသော ခြိမ်းခြောက်သူအများအပြားကို ဖော်ထုတ်ခဲ့သည်။
Bleeping Computer တွင် ရေးသားဖော်ပြထားသော “Sergiu Gatlan” ၏ “Police arrests suspects tied to AI-generated CSAM distribution ring” ကို ဘာသာပြန်ဆိုပါသည်။
