Bybit ၏ ဒေါ်လာ ၁.၄ ဘီလီယံတန် ဟက်ခံရမှု နောက်ကွယ်တွင် Lazarus Group ဖြစ်ကြောင်း ZachXBT ကဖော်ထုတ်ပြီး Arkham ၏ဆုငွေ ရရှိ
ဒေါ်လာ ၁.၄ ဘီလီယံကျော်တန်ဖိုးရှိ Bybit ခရစ်တိုအိတ်ချိန်း ပလက်ဖောင်း ဟက်ခံရပြီးနောက် X (Twitter) ပေါ်ရှိ ခရစ်တိုအသိုင်းအဝိုင်းမှ သုံးစွဲသူများအတွက် ပံ့ပိုးကူညီမှုနှင့် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်များ ပေးခဲ့ကြသည်။
Arkham Intelligence မှ ကြေညာချက်အရ ဘလော့ချိန်းလုံခြုံရေးကျွမ်းကျင်သူ ZachXBT သည် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒေါ်လာ ၁.၄၆ ဘီလီယံတန် Bybit ဟက်ခံရမှု ဖြစ်ရပ်၏ နောက်ကွယ်တွင် မြောက်ကိုရီးယား ဟက်ကာအဖွဲ့ဖြစ်သော Lazarus Group ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ Arkham သည် ဤတိုက်ခိုက်မှုနောက်ကွယ်မှ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဖော်ထုတ်နိုင်သူအား ARKM တိုကင် ၅၀,၀၀၀ (ခန့်မှန်းတန်ဖိုး ဒေါ်လာ ၃၁,၅၀၀) ဆုကြေးငွေ ချီးမြှင့်မည်ဟု ကြေညာခဲ့သည်။
Bybit ခရစ်တိုအိတ်ချိန်း ပလက်ဖောင်း ဟက်ခံရမှုကြောင့် Staked Ether (ETH) နှင့် အခြား ERC-20 တိုကင်များ အပါအဝင် စုစုပေါင်း ဒေါ်လာ ၁.၄၆ ဘီလီယံ ဆုံးရှုံးခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီတွင် ZachXBT မှ သတိပြုမိခဲ့ပြီး “ဘလော့ချိန်းဒေတာများကို အသုံးပြု၍ တိုက်ခိုက်မှုနောက်ကွယ်မှ အဖွဲ့အစည်းကို ဖော်ထုတ်ခြင်း” ဖြင့် ၎င်း၏တင်ပြချက်ကို Arkham သို့ ပေးပို့ခဲ့သည်။
ဘလော့ချိန်းလုံခြုံရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Blockaid ၏ အဆိုအရ ခိုးယူခံရသော ဒေါ်လာ ၁.၄၆ ဘီလီယံသည် သမိုင်းတစ်လျောက် အကြီးမားဆုံး ခရစ်တိုအိတ်ချိန်း ပလက်ဖောင်း ဟက်ခံရမှုဖြစ်သည်။ ဖြစ်စဉ်၏ ကြီးမားမှုနှင့် အတိုင်းအတာကြောင့် သတင်းသည် ခရစ်တိုအသိုင်းအဝိုင်းတစ်ခွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အခြားခရစ်တိုအဖွဲ့အစည်းများ၏ ပံ့ပိုးမှု၊ FUD (ကြောက်ရွံ့ခြင်း၊ မသေချာမရေရာခြင်းနှင့် သံသယ) များကို ရပ်တန့်ရန် တောင်းဆိုမှုများမှသည် သုံးစွဲသူများအတွက် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်များနှင့် သရော်သော ဟာသများအထိ တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
Bybit ကို ထောက်ပံ့ကူညီသည့် ခရစ်တိုအဖွဲ့အစည်းများ
ဟက်ခံရမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အမျိုးမျိုးသော ခရစ်တိုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက Bybit အတွက် ထောက်ပံ့ကူညီမှုများကို ဖော်ပြခဲ့ကြသည်။ Tron ဘလော့ချိန်း၏ တည်ထောင်သူ Justin Sun က X ပို့စ်တွင် ၎င်း၏ကွန်ရက်သည် ရန်ပုံငွေများကို ခြေရာခံရာတွင် ကူညီနေကြောင်း ပြောကြားခဲ့သည်။
(သတင်းရင်းမြစ် - Justin Sun)
ခရစ်တိုအိတ်ချိန်းပလက်ဖောင်း OKX သည်လည်း Bybit ၏ စုံစမ်းစစ်ဆေးမှုကို ပံ့ပိုးရန် ၎င်း၏လုံခြုံရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း OKX ၏ ဈေးကွက်ရှာဖွေရေးအရာရှိချုပ် Haider Rafique ၏ ပြောကြားချက်အရ သိရသည်။
ခရစ်တိုအိတ်ချိန်း ပလက်ဖောင်း KuCoin ၏ X အကောင့်မှလည်း ဟက်ခံရမှုနှင့်ပတ်သက်၍ မက်ဆေ့ချ်တစ်ခု မျှဝေခဲ့ပြီး “Bybit၊ ၎င်း၏အဖွဲ့နှင့် CEO ဖြစ်သူ Ben Zhou တို့သည် ဤစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် ကြိုးပမ်းနေချိန်တွင် အပြည့်အဝ ထောက်ခံကြောင်း” ပြောကြားခဲ့သည်။
KuCoin မှ ခရစ်တိုသည် “ပူးပေါင်းတာဝန်ယူမှု” ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး “ဆိုက်ဘာမှုခင်းများကို တိုက်ဖျက်ရာတွင်နှင့် လုပ်ငန်းတစ်ခုလုံး၏ လုံခြုံရေးကို အားကောင်းစေရာတွင် ခရစ်တိုအိတ်ချိန်းပလက်ဖောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သည်ဟု အခိုင်အမာ ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။
ဟက်ခံရမှုသတင်း ပျံ့နှံ့လာသည်နှင့်အမျှ အချို့သောသုံးစွဲသူများသည် ဖြစ်ရပ်နှင့်ပတ်သက်သည့် FUD များကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြပြီး Bybit အတွက် အသိုင်းအဝိုင်း၏ ထောက်ပံ့မှုကို ပြသခဲ့သည်။
Coinbase အမှုဆောင်အရာရှိ Conor Grogan က X တွင် “Bybit သည် ဟက်ခံရပြီးနောက် ငွေထုတ်ယူမှုများကို ကောင်းမွန်စွာ လုပ်ဆောင်နေပုံရသည်။ ၎င်းတို့၏ ပလက်ဖောင်းပေါ်တွင် ဒေါ်လာ ၂၀ ဘီလီယံကျော် ပိုင်ဆိုင်မှုများရှိပြီး ၎င်းတို့၏ Cold Wallets များကို ထိခိုက်ခြင်းမရှိပါ။ Signing Hack (ဟက်ကာက တရားဝင်အသုံးပြုသူတစ်ဦး၏ Private Key ကို ရယူသုံးစွဲကာ ထိုသူ၏ကိုယ်စား ငွေပေးငွေယူမှုများ ပြုလုပ်ခြင်း) ၏ သီးခြားဖြစ်နေမှုနှင့် Bybit ၏ ငွေကြေးအင်အားကောင်းမွန်မှုတို့ကို ထောက်ရှုခြင်းအားဖြင့် ကူးစက်ပျံ့နှံ့မှု ဖြစ်လာမည်ဟု မိမိ မမျှော်လင့်ပါ” ဟု ရေးသားခဲ့သည်။ ၎င်းက ဆက်လက်၍
“FTX ဘဏ်ဒေဝါလီခံမှု စတင်ပြီး တစ်မိနစ်အတွင်းမှာပဲ ငွေထုတ်ဖို့ ရန်ပုံငွေမရှိကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့ကြတယ်။ လူတိုင်းမှာ PTSD (စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှု) ရှိနေကြတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် Bybit ဟာ FTX အခြေအနေမျိုး မဟုတ်ပါဘူး။ တကယ်လို့ ဒီလိုဖြစ်ခဲ့ရင် ကျွန်တော် အော်ဟစ်ပြောဆိုနေမှာပါ။ သူတို့ အဆင်ပြေသွားပါလိမ့်မယ်”
ကိုယ်ပိုင်ဟက်ခံရမှုကြီးတစ်ခု ကြုံတွေ့ခဲ့ရသည့် Aave တည်ထောင်သူ Stani Kulechov ကလည်း အောက်ပါအတိုင်း ဝင်ရောက်ပြောဆိုခဲ့သည်။
(သတင်းရင်းမြစ် - Stani Kulechov)
သုံးစွဲသူများအတွက် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်
ခရစ်တိုအသိုင်းအဝိုင်းမှ အဖွဲ့ဝင်အချို့သည် သုံးစွဲသူများအတွက် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်များ ပို့စ်တင်ခဲ့ကြသည်။ Yuga Labs ၏ ဘလော့ချိန်း ဒုတိယဥက္ကဋ္ဌ “Quit” က X တွင် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ စုဆောင်းငွေများကို လုံခြုံစေရန်အတွက် Multisignature အသုံးပြုခြင်း၊ Hardware Wallets များကို လက်မှတ်ထိုးသူများအဖြစ် အသုံးပြုခြင်းနှင့် Tenderly Simulations များ ပြုလုပ်ခြင်း (Ethereum Developer ပလက်ဖောင်းတွင် အရောင်းအဝယ်ကို အစမ်းသဘော လုပ်ကြည့်ခြင်း) အပါအဝင် မတူညီသော လုံခြုံရေးအစီအမံများကို မျှဝေခဲ့သည်။
(သတင်းရင်းမြစ် - Quit)
KuCoin သည်လည်း ၎င်း၏သုံးစွဲသူများအတွက် နှစ်ဆင့်အတည်ပြုခြင်းစနစ် (2FA) ကို အသုံးပြုရန် ဖွင့်ခြင်း၊ ခိုင်မာပြီး ထူးခြားသော စကားဝှက်များ သတ်မှတ်ခြင်းနှင့် Passkeys များ (စကားဝှက်မသုံးဘဲ ဖုန်း/စက်၏လုံခြုံရေးစနစ်ကိုသုံးခြင်း) အသုံးပြုခြင်း အပါအဝင် အချို့သော လုံခြုံရေးအစီအမံများကို အလေးပေးပြောကြားခဲ့သည်။
CoinTelegraph တွင် ရေးသားဖော်ပြထားသော “Christopher Tepedino” ၏ “ZachXBT identifies Lazarus Group as behind Bybit $1.4B hack, wins Arkham bounty” ကို ဘာသာပြန်ဆိုပါသည်။
