အဓိကအကြောင်းအရာသို့ သွားမည်
x

ကမ္ဘောဒီးယား ဆိုက်ဘာရာဇဝတ်ဂိုဏ်း၏ ခိုင်းစေခြင်းခံရသော နိုင်ငံသား ၂၅၀ ကို အိန္ဒိယက ကယ်တင်ခဲ့

          ကမ္ဘောဒီးယားတွင် အလုပ်အကိုင်ရှာဖွေသည့် နိုင်ငံသား ၂၅၀ ကို ကယ်တင်ပြီး နေရပ်ပြန်ပို့ခဲ့ကြောင်းနှင့် ၎င်းတို့သည် ကမ္ဘောဒီးယားရောက်ရှိစဉ်တွင် ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ်ခိုင်းစေခံခဲ့ရကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

          အကျိုးအမြတ်များသော အလုပ်အကိုင်အခွင့်အလမ်းများသည် အရှေ့တောင်အာရှနိုင်ငံ၌ ၎င်းတို့ကိုစောင့်မျှော်နေသည်ဟု ယုံကြည်စေရန် လှည့်စားခံခဲ့ရပြီး ၎င်းတို့အနေဖြင့် ထိုနေရာသို့ ရောက်ရှိပြီးသည်နှင့် ဆိုက်ဘာရာဇဝတ်သားများအဖြစ် အတင်းအကြပ်ခိုင်းစေခံခဲ့ရကြောင်း အစိုးရက ရှင်းပြသည်။

          ကမ္ဘောဒီးယားနိုင်ငံရှိ အိန္ဒိယသံရုံးကို နိုင်ငံသားအများအပြားက ၎င်းတို့၏ အခြေအနေဆိုးများကို အကြောင်းကြားပြီးနောက်တွင် ၎င်းတို့အား ရှာဖွေတွေ့ရှိရန်နှင့် ပြန်လည်ခေါ်ထုတ်ရန် ကမ္ဘောဒီးယားအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

          ထိုနိုင်ငံသို့ အလုပ်အကိုင်အခွင့်အလမ်းများဖြင့် သွေးဆောင်ခြင်းခံခဲ့ရပြီး တရားမဝင် ဆိုက်ဘာအလုပ်များလုပ်ကိုင်ရန် အတင်းအကြပ်ခိုင်းစေခြင်းခံရသော အိန္ဒိယနိုင်ငံသားများ၏ တိုင်ကြားချက်များကို ကမ္ဘောဒီးယားရှိ မိမိတို့သံရုံးအနေဖြင့် ဆောလျင်စွာ တုံ့ပြန်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

          “ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အိန္ဒိယလူမျိုး ၂၅၀ ခန့်ကို ကယ်ဆယ်နေရပ်ပြန်ပို့ခဲ့တယ်။ အဲဒီထဲက ၇၅ ဦးကိုတော့ ပြီးခဲ့တဲ့ သုံးလတွင်းမှာပဲ ကယ်ဆယ်ခဲ့တာ ဖြစ်တယ်။”

          သို့သော်လည်း ကမ္ဘောဒီးယားတွင် နောက်ထပ်ဖမ်းဆီးခံထားရသူ ၅,၀၀၀ ထက်မနည်းရှိကာ ပြီးခဲ့သည့်ခြောက်လအတွင်း ဒေါ်လာ သန်း ၆၀ နီးပါး ရရှိသည့် လိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကြပ်ဖိအားပေး ခံခဲ့ရကြောင်း India Today က အစီရင်ခံဖော်ပြသည်။

          ကယ်ဆယ်ခံခဲ့ရသော လိမ်လည်သူတစ်ဦးမှ ၎င်းသည် ကမ္ဘောဒီးယားသို့ ဒေတာဖြည့်သွင်းရန်အလုပ်ဖြင့် ရောက်ရှိလာခဲ့သော်လည်း တရုတ်နှင့် မလေးရှား လိမ်လည်သူအဖွဲ့တစ်ဖွဲ့နှင့် လိမ်လည်မှုလုပ်ဆောင်စဉ်အတွင်း ဆိုးဆိုးရွားရွား အခြေအနေမျိုးဖြင့် အတင်းအကြပ်ခိုင်းစေခံခဲ့ရကြောင်း ပြောကြားသည်။

          အဆိုပါ “ဆိုက်ဘာအခိုင်းခံ” ပုဂ္ဂိုလ်က ၎င်းတို့သည် အိန္ဒိယလူမျိုးများကို လိမ်လည်ရန်အတွက် ဆိုရှယ်မီဒီယာပရိုဖိုင်အတုများ ဖန်တီးရန် ညွှန်ကြားခံခဲ့ရကြောင်း ပြောကြားသည်။ ၎င်းတို့၏ကြီးကြပ်ရေးမှူးများသည် နေ့စဉ်ငွေကြေးခွဲတမ်းများကို သတ်မှတ်ပြီး သတ်မှတ်ငွေကြေးများကို ပြည့်မီခြင်းမရှိသူများသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် သီးခြားခွဲထားခြင်း ခံခဲ့ရသည်။

          လိမ်လည်သူများသည် ဥပဒေအရာရှိများအယောင်ဆောင်ကာ ဆိုရှယ်မီဒီယာပရိုဖိုင်များမှ အယုံလွယ်သည်ဟု ယူဆသည့် သားကောင်များကို ရွေးချယ်ပြီး ၎င်းတို့ပေးပို့သည့် ပါဆယ်များတွင် တရားမဝင်ပစ္စည်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ မှားယွင်းသောစွပ်စွဲချက်များဖြင့် ခြိမ်းခြောက်စာများ ပေးပို့သည်။

          တစ်ခါက လိမ်လည်သူများသည် အစိုးရအရာရှိကြီးတစ်ဦးကို ပစ်မှတ်ထားခဲ့ပြီး ၎င်းအရာရှိကြီးက သူ၏ဆုံးရှုံးနစ်နာမှုနှင့်ပတ်သက်၍ Odisha ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။ နောက်ဆက်တွဲစုံစမ်းမှုများအရ လူရှစ်ဦးသည် ကြီးမားသောလိမ်လည်မှုနှင့် ဆက်နွယ်နေကြောင်း တွေ့ရှိခဲ့ရသည်။

          နောက်ထပ်လိမ်လည်ခံရသူများအား ရှာဖွေခြင်းနှင့် နေရပ်ပြန်ပို့ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ချိန်တွင် ဤကိစ္စပေါ်ပေါက်လာခြင်းက အလုပ်အကိုင်ရှာဖွေသူများ၏ စိတ်ပျက်အားငယ်မှုကို လွှမ်းမိုးစေသည့် အန္တရာယ်ရှိသော ဤနိုင်ငံတကာအဖွဲ့အပေါ် ပိုမိုနားလည်စေသည်။

          ဤအမှုသည် ဆိုက်ဘာလုံခြုံရေးတွင် ပြောင်းလဲနေသည့် စိန်ခေါ်မှုများနှင့် ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံတို့အား သတိပေးချက်လည်း ဖြစ်ပါကြောင်း...

 “Bill Toulas “India rescues 250 citizens enslaved by Cambodian cybercrime gang” ကို ဘာသာပြန်ဆိုသည်။