အဓိကအကြောင်းအရာသို့ သွားမည်
x

ဆိုက်ဘာနယ်ပယ်ရှိ တာဝန်သိနိုင်ငံများ၏ အပြုအမူနှင့်သက်ဆိုင်သော ကုလသမဂ္ဂအစိုးရကျွမ်းကျင်သူများအဖွဲ့၏ ဆိုက်ဘာလုံခြုံရေးစံနှုန်းများ

ဆိုက်ဘာနယ်ပယ်ရှိ တာဝန်သိနိုင်ငံများ၏ အပြုအမူနှင့်သက်ဆိုင်သော ကုလသမဂ္ဂအစိုးရကျွမ်းကျင်သူများအဖွဲ့၏ ဆိုက်ဘာလုံခြုံရေးစံနှုန်းများ

       ယနေ့ခေတ် အပြန်အလှန်ချိတ်ဆက်လျက်ရှိသော ကမ္ဘာကြီးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)ကို အသုံးပြုလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာလူ့အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများအတွက် အဓိကအချက်ဖြစ်လာပါသည်။ သို့သော်လည်း အဆိုပါနည်းပညာများအပေါ် မှီခိုအားထားမှု တိုးလာခြင်းသည် ၎င်းနည်းပညာကို  တလွဲအသုံးပြုမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများ တိုးလာစေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်များ ဖြစ်စေသည်။ ဤစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက်၂၀၀၄ ခုနှစ်မှ စ၍ ဖွဲ့စည်းသည့် ကုလသမဂ္ဂဆိုင်ရာ အစိုးရပညာရှင်များအဖွဲ့ (UNGGE) က ဆိုက်ဘာနယ်ပယ်တွင် တာဝန်ယူမှုတာဝန်ခံမှုရှိသော စံနှုန်းများကို ချမှတ်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြသည်။ 

        ဒီဂျစ်တယ်နယ်ပယ်အတွင်း အန္တရာယ်ရှိသော လှုပ်ရှားမှုများကို လျှော့ချပြီး နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် တည်ငြိမ်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ဤစံနှုန်းများကို  ၂၀၁၃ ခုနှစ်တွင် ပထမဆုံးဖော်ပြခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ထပ်မံတိုးချဲ့ခဲ့ပါသည်။ UNGEE ၏ ဖွံ့ဖြိုးတိုးတက်လာမှုမှတ်တမ်း(timeline) သည် ဆိုက်ဘာလုံခြုံရေး၏ ကမ္ဘာ့ဆွေးနွေးစရာကိစ္စရပ်ဖြစ်လာသည်ကို ပိုမိုထင်ဟပ်စေပါသည်။

၂၀၀၄ ခုနှစ်။   ကုလသမဂ္ဂအထွေထွေညီလာခံမှ နိုင်ငံတကာလုံခြုံရေး အကြောင်းအရာနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနယ်ပယ်ရှိ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ  ပထမဆုံး အစိုးရပညာရှင်များအဖွဲ့ (GGE)ကို တည်ထောင်ခဲ့ပါသည်။

၂၀၁၀ ခုနှစ်။ ဆိုက်ဘာနယ်ပယ်အတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အသားပေးသည့် ပထမဆုံး ထိရောက်သောအစီရင်ခံစာထွက်ပြီးနောက် ဒုတိယအကြိမ် GGE အစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။

၂၀၁၃ ခုနှစ်။ GGE လုပ်ငန်းစဉ်အောင်မြင်မှုသည် ဆိုက်ဘာနယ်ပယ်နှင့်  နိုင်ငံတကာဥပဒေ သက်ဆိုင်ကြောင်းကို အသိအမှတ်ပြုပေးသည့်အပြင် အနာဂတ်စံနှုန်းများအတွက် အုတ်မြစ်ချ ပေးပါသည်။

၂၀၁၅ ခုနှစ်။   GGE သည် တာဝန်သိနိုင်ငံအပြုအမူကို လမ်းညွှန်ပေးရန်အတွက် ဆန္ဒအလျောက် စည်းနှောင်မှုမရှိသော စံနှုန်း ၁၁ ခုကို အကြမ်းမျဉ်းဖော်ပြသည့် ပြီးပြည့်စုံသော အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

၂၀၁၉-၂၀၂၁ ခုနှစ်။    နောက်ဆုံးအကြိမ် GGE အစီရင်ခံစာတွင် ဤစံနှုန်းများအား ထပ်မံ အတည်ပြုခဲ့ပြီး ၎င်းတို့ကို အကောင်အထည်ဖော်ရန်အတွက် အကြုံပြုချက်များ ပေးခဲ့သည်။

UNGEE စံနှုန်းများသည် စည်းနှောင်မှုမရှိသော်လည်း နိုင်ငံများအတွက် တာဝန်သိစွာ ICT အသုံး ပြုမှုသေချာစေရန် လွန်စွာအရေးကြီးသော မူဘောင်တစ်ခုချမှတ်ပေးပါသည်။

၎င်းတို့သည် ပူးပေါင်းဆောင်ရွက်မှု၊ အချုပ်အခြာအာဏာကို လေးစားမှု၊ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် ICT ဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးခြင်းတို့ကို အလေးပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာအုပ်ချုပ်မှုစနစ်အတွက် အခြေခံအုတ်မြစ်ကို ပေးဆောင်ကြသည်။

ဆိုက်ဘာခြိမ်းခြောက်မှုများ ဆက်လက်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ အရေးကြီးသော အခြေခံအဆောက်အအုံများကိုကာကွယ်ရန်၊ သတင်းအချက်အလက်ဖလှယ်ရန်နှင့် ဆိုက်ဘာ ဖြစ်ရပ်များအတွင်း ဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရန်ဆောင်ရွက်ရာ၌ နိုင်ငံများ အား တာဝန်သိစွာ လုပ်ဆောင်စေခြင်းဖြင့် အဆိုပါစံနှုန်းများသည် လုံခြုံပြီး တည်ငြိမ်သော နိုင်ငံတကာ ICT ဝန်းကျင်ကို မြှင့်တင်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါသည်။

စံနှုန်း (က)

          ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များအရ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန်အတွက် နိုင်ငံများသည် အိုင်စီတီ အသုံးပြုရာ၌ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို တိုးမြှင့်ရန်နှင့် အန္တရာယ်ဖြစ်စေသည်ဟု အသိအမှတ်ပြုထားသော သို့မဟုတ် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အိုင်စီတီ အလေ့အကျင့်များကို တားဆီးရန် စီမံချက်များအား ပူးပေါင်းဆောင်ရွက်၍ အကောင်အထည်ဖော်ဆောင် သင့်ပါသည်။

စံနှုန်း (ခ)

          အိုင်စီတီဖြစ်စဉ်များ (ICT incidents) နှင့်စပ်လျဉ်း၍ နိုင်ငံများသည် ၎င်းဖြစ်ရပ်၏ ကျယ်ပြန့်  ဆက်စပ်လျက်ရှိသော အခြေအနေ၊ အိုင်စီတီရပ်ဝန်းရှိ ယူဆချက်များ၏ စိန်ခေါ်မှုများနှင့် ၎င်းတို့၏ သဘောသဘာဝများနှင့် အကျိုးဆက်များအပါအဝင် သင့်လျော်သော သတင်းအချက်အလက်များအားလုံးကို ထည့်သွင်းစဉ်းစားသင့်သည်။

စံနှုန်း (ဂ)

          နိုင်ငံများသည် နိုင်ငံတကာမှ အိုင်စီတီ နည်းပညာများကို အသုံးပြု၍ မှားယွင်းသော လုပ်ရပ်များအား မိမိတို့၏ နယ်နိမိတ်များအတွင်းတွင် လုပ်ဆောင်ရန် သိလျက်နှင့် တမင်တကာ ခွင့်ပြုခြင်းများ မပြုသင့်ပါ။

စံနှုန်း (ဃ)

          နိုင်ငံများသည် သတင်းအချက်အလက်များ ဖလှယ်ရန်၊ အချင်းချင်း ထောက်ပံ့ကူညီရန်၊ အကြမ်းဖက်ခြိမ်းခြောက်သူများနှင့် အိုင်စီတီကို အသုံးပြု၍ ရာဇဝတ်မှုကျူးလွန်သူများအား တရားစွဲဆိုရန်နှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် အခြား ပူးပေါင်းဆောင်ရွက်သည့် စီမံချက်များကို ထားရှိရန် ကိစ္စများ ဆောင်ရွက်ရာ၌  အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ နိုင်ငံများသည် ဤကိစ္စနှင့်စပ်လျဉ်း၍ နည်းလမ်းစီမံချက်အသစ် များလုပ်ဆောင်ရန် သင့်-မသင့်ကို စဉ်းစားသင့်ပါသည်။

စံနှုန်း (င)

          နိုင်ငံများသည် အိုင်စီတီကို စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ရာ၌ အင်တာနက်ပေါ်ရှိ လူ့အခွင့်အရေးမြှင့်တင်ရေး၊ အကာအကွယ်ပေးရေးနှင့် ပျော်ရွှင်ကျေနပ်စေရေးတို့နှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များ ၂၀/၈ နှင့် ၂၆/၃ ကို လေးစားလိုက်နာသင့်သည်။ အလားတူ ဒစ်ဂျစ်တယ်ခေတ်တွင် မိမိကိုယ်ရေးကိုယ်တာ ထိန်းသိမ်းခွင့်ရှိရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိရေး အပါအဝင် လူ့အခွင့်အရေးကို လေးစားမှုအပြည့်ရှိရန် အာမခံချက်ထားရှိရေးနှင့်စပ်လျဉ်း၍ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၆၈/၁၆၇ နှင့် ၆၉/၁၆၆ များကို လေးစားလိုက်နာသင့်သည်။

စံနှုန်း (စ)

          နိုင်ငံတစ်နိုင်ငံသည် အရေးကြီးသော အခြေခံအဆောက်အဦကို ရည်ရွယ်ချက်ရှိစွာ ဖျက်ဆီးခြင်း သို့မဟုတ် ပြည်သူ့ဝန်ဆောင်မှုပေးလျက်ရှိသော အရေးကြီးအခြေခံအဆောက်အဦများ၏ လည်ပတ်မှုကို ဖျက်ဆီးခြင်းများ ဆောင်ရွက်သည့် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်လျက်ရှိသော အိုင်စီတီ လှုပ်ရှားမှုများအား သိလျက်နှင့် တမင်တကာ အထောက်အကူပြုခြင်း မပြုသင့်ပါ။

စံနှုန်း (ဆ)

          နိုင်ငံများသည် အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၅၈/၁၉၉ အရ ၎င်းတို့၏အရေးကြီးအခြေခံ အဆောက်အဦများကို အိုင်စီတီခြိမ်းခြောက်မှုမှ ကာကွယ်ရန် သင့်တော်သောနည်းလမ်းများ ချမှတ် သင့်သည်။

စံနှုန်း (ဇ)

          နိုင်ငံများသည် အခြားနိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အရေးကြီးသည့် အခြေခံအဆောက်အဦအပေါ် အန္တရာယ်ရှိသည့်  အိုင်စီတီလှုပ်ရှားမှုများအား တုံ့ပြန်ပေးရန် အကူအညီတောင်းဆိုလာမှုများအား သင့်လျော်စွာ တုံ့ပြန်ဆောင်ရွက်ပေးသင့်သည်။ နိုင်ငံများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲမှုကို အလေးထားလျက် အခြားနိုင်ငံနယ်နိမိတ်မှ စတင်လုပ်ဆောင်သည့် အရေးကြီးအခြေခံအဆောက်အဦများကို ရည်ရွယ်၍ အန္တရာယ်ရှိသော အိုင်စီတီလှုပ်ရှားမှုများအား လျှော့ချရန်အတွက် သင့်လျော်သော အကူအညီတောင်းဆိုမှုများကို တုံ့ပြန်ဆောင်ရွက်ပေးသင့်သည်။

 

စံနှုန်း (ဈ)

          သုံးစွဲသူများအတွက် အိုင်စီတီ ထုတ်ကုန်များ၏ လုံခြုံရေးကို ယုံကြည်စိတ်ချနိုင်စေရန် ထုတ်ကုန်ထောက်ပံ့ရေးကွင်းဆက်၏ စစ်မှန်မှုကို သေချာစေရန် နိုင်ငံများအနေဖြင့် ကျိုးကြောင်းဆီလျော်သော ခြေလှမ်းများ လှမ်းသင့်သည်။ နိုင်ငံများသည် အန္တရာယ်ရှိသော အိုင်စီတီ Tool များနှင့် နည်းပညာများ တစ်ဟုန်ထိုးပြန့်ပွားခြင်းနှင့် အန္တရာယ်ရှိသော လျှို့ဝှက်လုပ်ဆောင်ချက်များ အသုံးပြုခြင်းတို့မှ ကြိုတင်ကာကွယ်ရန် ဆောင်ရွက်သင့်သည်။

စံနှုန်း (ည)

          နိုင်ငံများသည် အိုင်စီတီအားနည်းချက်များနှင့်စပ်လျဉ်း၍ တာဝန်သိစွာ အစီရင်ခံခြင်းများ ပြုလုပ်ခြင်း၊ ၎င်းအားနည်းချက်များကို ဖြေရှင်းရန်အတွက် ဆက်စပ်လျက်ရှိသော သတင်းအချက်အလက်များ မျှဝေခြင်းနှင့် အိုင်စီတီဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် အိုင်စီတီကို အမှီသဟဲပြုနေသော အခြေခံအဆောက်အဦများအတွက် ဖြစ်ပွားနိုင်သည့် ခြိမ်းခြောက်မှုများကို တတ်နိုင်သမျှ ကန့်သတ်ဖယ်ရှားခြင်းများ ဆောင်ရွက်ရန် တိုက်တွန်းသင့်သည်။

စံနှုန်း (ဋ)

          နိုင်ငံများသည် အခြားနိုင်ငံတစ်နိုင်ငံ၏ တရားဝင်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ (တစ်ခါတစ်ရံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ သို့မဟုတ် ဆိုက်ဘာလုံခြုံရေးဖြစ်ရပ် တုံ့ပြန်ရေးအဖွဲ့များ)၏ သတင်းအချက်အလက်စနစ်များကို အန္တရာယ်ဖြစ်စေရန် လုပ်ဆောင်မှုများကို လုပ်ဆောင်ခြင်းနှင့်  သိလျက်နှင့် ထောက်ခံခြင်း မပြုသင့်ပါ။ နိုင်ငံတစ်နိုင်ငံသည် အန္တရာယ်ရှိသော နိုင်ငံတကာလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ရန်အတွက် တရားဝင်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့အား အသုံးမပြုသင့်ပါ။