အဓိကအကြောင်းအရာသို့ သွားမည်
x

ITCSD သမိုင်းကြောင်း

          သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

          သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာ အသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ် အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ်အသစ်များအား လေ့လာ၍ စီမံကိန်းအသစ်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့်ဥပဒေများ ပြဌာန်းနိုင်ရေး၊ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စနစ်တကျကြီးကြပ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊  အဖွဲ့အစည်း၊ ဌာနဆိုင်ရာ အချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဆိုက်ဘာ ပြစ်မှုများကို ခြေရာခံခြင်းပြုလုပ်နိုင်ရန်အတွက် ဆိုက်ဘာခြိမ်းခြောက်မှုများကို စောင့်ကြည့်၊ စစ်ဆေး၊ ကာကွယ်၍ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့အတွက်  ရည်ရွယ်၍ အောက်ဖော်ပြပါ  ဌာနခွဲ(၈)ခုဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

(၁) သတင်းလုံခြုံရေးဌာန

(၂) လုံခြုံမှုစစ်ဆေးရေးဌာန

(၃) စီမံ/ဘဏ္ဍာ/ထောက်ပံ့ရေးဌာန

(၄) e-Government ဌာန

(၅) ဥပဒေ/နိုင်ငံတကာ/ပြန်ကြားရေးဌာန

(၆) အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန

(၇) ဂြိုဟ်တုဆက်သွယ်ရေးဌာန

(၈) သင်တန်းကျောင်း

MMCERT သမိုင်းကြောင်း

          မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT) ကို   ၂၀၀၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့၌ e-National Task Force မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ mmCERT/cc ကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

          မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် CERT တစ်ခုဖြစ်သော mmCERT  သည် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

          လူမှုဝန်းကျင်တွင် ဆိုက်ဘာလုံခြုံရေးဖြစ်စဉ်များ ကိုင်တွယ်ဖြေရှင်းခြင်းသာမက ပြည်သူလူထုကို ပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံအင်တာနက်အသုံးပြုသူများအား အင်တာနက်မှတစ်ဆင့် တိုက်ခိုက်လာမှုများအား ကာကွယ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကြံပေးခြင်းများလည်း ဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

          သို့ဖြစ်၍ mmCERT/cc သည် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များကို တုံ့ပြန်ဆောင်ရွက်၍ အခြားသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သည့် ဌာနဖြစ်ပြီး ပြည်တွင်းပြည်ပတွင်ရှိသည့် အခြားသော CERT/CSIRT အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ရန် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ

၁။       ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာပြစ်မှုများကိုကာကွယ်ရန်အတွက် နိုင်ငံတကာ CERT များဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အမျိုးသားအဆင့် IT ပုံရိပ်တစ်ခုကို ဖော်ဆောင်ခြင်း၊

၂။       လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များနှင့် အကြံပြုချက်များဖြန့်ဝေခြင်း၊

၃။       နည်းပညာအထောက်အပံ့များ ပံ့ပိုးပေးခြင်း၊

၄။       ဆိုက်ဘာပြစ်မှုများအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ

          ၂၀၁၁ ခုနှစ်ကတည်းကမှစ၍ အာရှပစိဖိတ်ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (APCERT) သို့ အထွေထွေအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး Tsubame Project ၏အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

No block builder selected