အဓိကအကြောင်းအရာသို့ သွားမည်
x

စင်ကာပူဝန်ကြီးချုပ် အယောင်ဆောင်၍ Deepfake AI နည်းပညာဖြင့် လိမ်လည်မှုကြောင့် အနည်းဆုံး စင်ကာပူ ဒေါ်လာ ၄.၉ သန်း ဆုံးရှုံးမှုဖြစ်ပွား

စင်ကာပူနိုင်ငံအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဝန်ကြီးချုပ် Lawrence Wong အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်ကာ Deepfake AI  နည်းပညာကို အသုံးပြု၍ အနည်းဆုံးစင်ကာပူဒေါ်လာ ၄.၉ သန်း လိမ်လည်သွားသည့် ဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း စင်ကာပူရဲတပ်ဖွဲ့ (SPF) က  ၂၀၂၆ ခုနှစ်၊ မေ ၁၄ နေ့ တွင် သတိပေးထုတ်ပြန်ခဲ့ပါသည်။

 

၎င်းတို့၏လိမ်လည်ပုံနည်းလမ်းမှာ အစိုးရအဖွဲ့အတွင်းရေးမှူးအပါအဝင် အဆင့်မြင့် အရာရှိကြီးများအဖြစ် ဟန်ဆောင်ကာ သမ္မတ၊ ဝန်ကြီးများ၊ အခြားအစိုးရအရာရှိများနှင့် အွန်လိုင်းအစည်းအဝေး တက်ရောက်ရန် အစိုးရဌာနများနှင့် ယခင်က ထိတွေ့ဆက်ဆံမှုရှိဖူးသည့် စီးပွားရေးလုပ်ငန်းရှင်များကို ပစ်မှတ်ထား၍ အစိုးရအဖွဲ့အတွင်းရေးမှူး၏ ပရိုဖိုင်ပုံဖြင့် WhatsApp မှတစ်ဆင့်ဆက်သွယ်ပြီး ဝန်ကြီးချုပ်နှင့် Virtual အစည်းအဝေးတက်ရန် ဆက်သွယ်လာခြင်း ဖြစ်သည်။ ထို့နောက် လိမ်လည်သူများသည် ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ အရေးပေါ်ရန်ပုံငွေတောင်းခံသည့် အယောင်ဆောင်အီးမေးလ်ကို ပေးပို့ခြင်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 

ဖြစ်စဉ်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် စင်ကာပူအစိုးရအဖွဲ့အတွင်းရေးမှူး Mr Wong Hong Kuan ၏ ပရိုဖိုင်ဓာတ်ပုံကို အသုံးပြုထားသည့် WhatsApp မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့ပြီး ဝန်ကြီးချုပ် Lawrence Wong နှင့် အစည်းအဝေးတက်ရောက်ရန် ပြောကြားခြင်း ခံခဲ့ရသည်။ ထို့ပြင် ၎င်းထံသို့ အတွင်းရေးမှူးမှ ပေးပို့ဟန်ဆောင်ထားသည့် WongHongKuan.secretarycabinet@proton.me အီးမေးလ်လိပ်စာမှတစ်ဆင့် ဟော်မုဇ် ရေလက်ကြား (Straits of Hormuz) အခြေအနေနှင့် ပတ်သက်၍ အရေးပေါ်ရန်ပုံငွေ ကူညီပေးပါရန် တောင်းဆိုသည့် အီးမေးလ်တစ်စောင် ရောက်ရှိလာခဲ့သည်။အဆိုပါ အီးမေးလ် တွင် ဝန်ကြီးချုပ် Lawrence Wong ၏ လက်မှတ်ပါရှိပြီး အစိုးရက ထုတ်ပြန်ထားသည့် ပုံစံအတိုင်း ပြုလုပ်ထားသော “၁၅ရက်အတွင်း အစိုးရက ငွေများကိုပြန်ဆပ်မည်” ဟု ဝန်ကြီးချုပ် လက်မှတ်အတုပါ အာမခံစာ (Letter of Guarantee)၊ လျှို့ဝှက်ချက်ထိန်းသိမ်းမှု သဘော တူညီချက် (NDA) တွင် လက်မှတ်ရေးထိုးရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူကို ပေးပို့ရန် စေခိုင်းခဲ့ကြောင်း သိရပြီး ထိုသူသည် လက်မှတ်ရေးထိုး ပေးခဲ့သည်။

 

ထို့နောက် ၎င်းအား ဝန်ကြီးချုပ် Lawrence Wong အပြင် အခြားသော ပြည်တွင်း/ပြည်ပ အစိုးရအရာရှိကြီးများ ပါဝင်နေသည့် Zoom အွန်လိုင်းဗီဒီယိုအစည်းအဝေးတစ်ခုသို့ ဖိတ်ခေါ်ခဲ့သည်။ သို့သော် အမှန်တကယ်တွင် အဆိုပါအစည်းအဝေး၌ ပါဝင်နေသူများသည် Deepfake AI နည်းပညာကိုအသုံးပြု၍ အတုအယောင်ဖန်တီးထားခြင်းသာ ဖြစ်သည်။ အစည်းအဝေးအပြီးတွင် လိမ်လည်သူများက အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ထံ WhatsApp မှတစ်ဆင့် ထပ်မံဆက်သွယ်လာကာ လိမ်လည်သူ၏ ကုမ္ပဏီဘဏ်အကောင့်ထဲသို့ စင်ကာပူဒေါ်လာ ၄.၉ သန်းအား အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။ နောက်ပိုင်းတွင် မသင်္ကာစရာများ တွေ့ရှိသဖြင့် ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့ တွင် အစိုးရအဖွဲ့အတွင်းရေးမှူးထံ တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ရာမှ မိမိကိုယ်တိုင် လိမ်လည်ခံလိုက်ရပြီ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

တူညီသောလိမ်လည်မှုများ ပါဝင်သည့် ယခင်အမှုများနှင့် ဆက်စပ်နေသော ဆင်းကတ်ဆိုင်ရာ ပြစ်မှုများ ကျူးလွန်သည်ဟု သံသယရှိသူ (၃) ဦးကို စင်ကာပူရဲတပ်ဖွဲ့မှ မေလ   (၉) ရက်နေ့တွင် ဖမ်းဆီး၍ တရားစွဲဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

Deepfake AI Video Call များကိုဘယ်လိုခွဲခြားမလဲ

        စုံစမ်းစစ်ဆေးရေးအရာရှိများ၏ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ထုတ်ပြန်ချက်များအရ နှုတ်ခမ်းလှုပ်ရှားမှုများ ပုံမှန်မဟုတ်ခြင်း (Poor lip-syncing)၊ နောက်ခံ Background များ ပုံပျက်နေခြင်း (Distorted backgrounds)၊ အစည်းအဝေး screen ပေါ်ရှိ သတ်မှတ်ထားသော Zoom Logo နေရာအား မှုန်ဝါးအောင် ပြုလုပ်ထားခြင်း၊ ပါဝင်သူ တစ်ဦးချင်းစီ အလိုက် သီးခြားအသံလိုင်းများဖြင့် ထွက်ပေါ်လာခြင်းမျိုး မဟုတ်ဘဲ အသံအားလုံး သည် အကောင့်တစ်ခုတည်း မှတစ်ဆင့် စုပေါင်းလွှင့်ထုတ်နေခြင်းများ တွေ့ရှိခြင်း စသည်တို့သည်  AI  ဖြင့် ဖန်တီးထားသော  Video Call  များ ဖြစ်နိုင်ပြီး Online Meeting များ တက်ရောက်နေသူများ အနေနှင့် ထိုအချက်များကို အထူးဂရုစိုက်သင့်ပါသည်။

 

Reference 

https://www.police.gov.sg/Media-Hub/News/2026/05/20260514_advisory_on_scams_involving_impersonation_of_snr_govt_officials_incl_secy_cabinet
https://sumsub.com/media/news/deepfake-zoom-scam-impersonating-singapore-pm/