“Cyber SEA Game 2025” ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်
ထိုင်းနိုင်ငံ National Cyber Security Agency of Thailand (NCSA) နှင့် Japan International Cooperation Agency (JICA) တို့ ပူးပေါင်းဆောင်ရွက်မှုအရ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Cyber SEA Game 2025 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

(Cyber SEA Game 2025 ပြိုင်ပွဲယှဉ်ပြိုင်နေမှုအခြေအနေ)
မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် မောင်စောရော်နယ်၊ မောင်အောင်ကောင်းမိုး၊ မောင်အောင်သာဦးနှင့် မဆုဝေလွင်နှင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲဝင် အသင်း ၉ သင်းအနက် အဆင့် ၄ ရရှိခဲ့ပါသည်။ ထို့ပြင် ပြိုင်ပွဲဝင် မဆုဝေလွင်နှင်းအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ် သွားမည့် International Cyber Security Challenge TOKYO 2025 သို့ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရပြီး အာဆီယံကိုယ်စားပြုအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

(မြန်မာနိုင်ငံကိုယ်စားပြုအသင်း)
Cyber SEA Game ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အသင်းအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အဆင့် ၈ နှင့် အဆင့် ၁၂၊ ၂၀၁၇ ခုနှစ်တွင် အဆင့် ၆၊ ၂၀၁၈ ခုနှစ်တွင် အဆင့် ၆၊ ၂၀၁၉ ခုနှစ်တွင် အဆင့် ၅၊ ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၆၊ ၂၀၂၁ ခုနှစ်တွင် အဆင့် ၇၊ ၂၀၂၂ ခုနှစ်တွင် အဆင့် ၈၊ ၂၀၂၃ ခုနှစ်တွင် အဆင့် ၈နှင့် ၂၀၂၄ ခုနှစ်တွင် အဆင့် ၈ အသီးသီး ရရှိခဲ့ကြောင်း သိရှိရပါသည်။

(Cyber SEA Game 2025 တွင် နိုင်ငံအလိုက် အဆင့်ရရှိမှုအခြေအနေ)
