Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ်အဆင့်) ဆုပေးပွဲ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ်အဆင့်) ဆုပေးပွဲသို့ တက်ရောက်
နေပြည်တော်၊ ဩဂုတ်၂၄
Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံ ရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ်အဆင့်) ဆုပေးပွဲကို နေပြည်တော်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) ၌ ယနေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ-၂၀၂၄(တက္ကသိုလ်အဆင့်)တွင် ဆုရရှိသောဗီဒီယိုဖိုင်များအား ပြသပါသည်။
ထို့နောက် ပထမဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မမြတ်ရွှေစင်မှူး၊ ဒုတိယဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မောင်ပြည်ငြိမ်းအောင်၊ တတိယဆုရရှိသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ မောင်မြတ်မင်းခန့်၊ နှစ်သိမ့်ဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မောင်ကောင်းခန့် တင်ကျော်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)မှ မောင်စောဇင်လင်းထက်နှင့် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။ ယခု ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲတွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား Cyber Security Brunei က တာဝန်ယူဆောင်ရွက်သော ASEAN-JAPAN Cyber Security Awareness Video Competition 2024 တွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြပြီး Myanmar Cyber Security Challenge ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
Myanmar Cyber Security Challenge ပြိုင်ပွဲသို့ တပ်မတော်နည်းပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ U_SH3LL အသင်းက ပထမ၊ mm_cyb3r_s4g3 အသင်းက ဒုတိယနှင့် Cryptoknights အသင်းက တတိယ အသီးသီးရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ အကန့်အသတ်ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပ နိုင်ခြင်းမရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် (၈) ကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲမှ အနိုင်ရ ထူးချွန်သူများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် ကျင်းပပြုလုပ်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန