FBI သည် LockBit Key ၇၀၀၀ ကိုပြန်လည်ရရှိထားပြီး Ransomware တိုက်ခိုက်ခံထားရသူများအား ဆက်သွယ်ရန် နှိုးဆော်
FBI က LockBit Ransomware ၏ တိုက်ခိုက်ခံထားရသူများအား ၎င်းတို့သည် Decryption Key ၇,၀၀၀ ကျော်ကို ရရှိထားပြီးဖြစ်ကြောင်းနှင့် တိုက်ခိုက်ခံထားရသူများအနေဖြင့် စာဝှက်ခြင်းခံထားရသောဒေတာများကို အခမဲ့ ပြန်လည်ဖော်ယူနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ၎င်းတို့ထံဆက်သွယ်ရန် တိုက်တွန်းလိုက်သည်။
FBI ၏ ဆိုက်ဘာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး Bryan Vorndran က ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သော ဘော်စတွန်ဆိုက်ဘာလုံခြုံရေးညီလာခံ (၂၀၂၄) တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
LockBit အား ဖျက်ဆီးဟန့်တားခြင်းမှ မိမိတို့တွင် Decryption Key ၇,၀၀၀ ကျော်ရှိထားကြောင်းနှင့် တိုက်ခိုက်ခံထားရသူများ၏ ဒေတာများကို ပြန်လည်ရရှိစေရန်နှင့် အွန်လိုင်းသို့ ပြန်လည်ရောက်ရှိစေရန် ကူညီနိုင်ပါကြောင်း FBI ၏ ဆိုက်ဘာခေါင်းဆောင်က မိန့်ခွန်းတွင် ပြောကြားသွားသည်။
“မိမိတို့သိထားပြီးဖြစ်သော LockBit ၏တိုက်ခိုက်ခံထားရသူများကို ဆက်သွယ်ထားပြီး တိုက်ခိုက်ခံထားရသည်ဟု သံသယဝင်သူ မည်သူမဆို မိမိတို့၏ အင်တာနက်ရာဇဝတ်မှုတိုင်ကြားရေးစင်တာ၏ Website ဖြစ်သော ic3.gov သို့ ဝင်ရောက်ကြည့်ရှုရန် တိုက်တွန်းသည်။”
ဤတိုက်တွန်းချက်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ပြုလုပ်ခဲ့သော နိုင်ငံတကာစစ်ဆင်ရေးဖြစ်သည့် Operation Cronos အတွင်း LockBit ၏အခြေခံအဆောက်အဦအား တရားဥပဒေစိုးမိုးရေးအဖွဲ့က ဖယ်ရှားပြီးနောက် ထွက်လာခြင်းဖြစ်သည်။
ထိုအချိန်တုန်းက ရဲတပ်ဖွဲ့သည် Decryption Key ၂,၅၀၀ ကျော်ပါဝင်သော ဆာဗာ ၃၄ ခုကို သိမ်းဆည်းခဲ့ပြီး ၎င်း Key များက အခမဲ့ရရှိနိုင်သော LockBit 3.0 Black Ransomware Decryptor ကို ဖန်တီးရန်အတွက် အကူအညီဖြစ်စေခဲ့သည်။
သိမ်းဆည်းရမိသော ဒေတာများကို စိစစ်ခဲ့ပြီးနောက် ယူနိုက်တက်ကင်းဒမ်း၏ အမျိုးသားရာဇဝတ်မှုအေဂျင်စီနှင့် အမေရိကန်တရားရေးဝန်ကြီးဌာနတို့က ဂိုဏ်းနှင့်၎င်းနှင့်ဆက်စပ်သူများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကြားတွင် ကမ္ဘာတစ်လွှားရှိ အဖွဲ့အစည်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု ၇,၀၀၀ မှတစ်ဆင့် ခြိမ်းခြောက်တောင်းခံငွေ ဒေါ်လာ ၁ ဘီလီယံထိ ရရှိပြီးဖြစ်ကြောင်း ခန့်မှန်းထားသည်။
သို့သော် ၎င်းတို့၏လှုပ်ရှားမှုများကို ပိတ်ချရန် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ ကြိုးပမ်းမှုများရှိနေသော်လည်း LockBit သည် ဆက်လက်အသက်ဝင်နေပြီး ဆာဗာအသစ်များနှင့် Dark Web များဆီသို့ ပြောင်းရွှေ့သွားခဲ့သည်။
၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များကို ပစ်မှတ်ထားဆဲဖြစ်ပြီး အမေရိကန်နှင့် ယူနိုက်တက်ကင်းဒမ်း အာဏာပိုင်များက မကြာသေးခင်က အခြေခံအဆောက်အဦများ ဖယ်ရှားခံရသည်ကို လက်တုံ့ပြန်သည့်အနေဖြင့် Dark Web ပေါ်တွင် ခိုးယူထားသော ဒေတာသစ်နှင့် ဒေတာဟောင်း မြောက်မြားစွာကို အကြီးအကျယ် ဖွင့်ချလျက်ရှိဆဲဖြစ်သည်။
အွန်လိုင်းတွင် “LockBitSupp” အမည်တု အသုံးပြုသည့် ၃၁ နှစ်အရွယ် ရုရှားနိုင်ငံသား ဂိုဏ်းခေါင်းဆောင် Dmitry Yuryevich Khoroshev နှင့်ပတ်သက်၍ အချက်အလက်များဖော်ထုတ်ခဲ့သည့် နောက်ထပ်သော ဥပဒေစိုးမိုးရေးစစ်ဆင်ရေးအပြီး မကြာမီတွင် LockBit က ၂၀၂၄ ခုနှစ်၊ ဧပြီလ ကနေဒါဆေးကုမ္ပဏီ London Drugs ဆိုက်ဘာတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံလိုက်သည်။
မကြာသေးမီနှစ်များအတွင်း Mikhail Vasiliev (၂၀၂၂၊ နိုဝင်ဘာ)၊ Ruslan Magomedovich Astamirov (၂၀၂၃၊ ဇွန်)၊ Mikhail Pavlovich Matveev (ခေါ်) Wazawaka (၂၀၂၃၊ မေ)၊ Artur Sungatov နှင့် Ivan Gennadievich Kondratiev ခေါ် Bassterlord (၂၀၂၄၊ ဖေဖော်ဝါရီ) အပါအဝင် အခြားသော LockBit Ransomware ဖြန့်ချိသူများသည် ဖမ်းဆီး တရားစွဲဆိုခြင်း ခံခဲ့ရသည်။
အမေရိကန်၊ နိုင်ငံခြားရေးဌာနသည် LockBit ခေါင်းဆောင်ပိုင်းအား ဖမ်းဆီးခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ အချက်အလက်များအတွက် ဒေါ်လာ ၁၀ သန်းနှင့် LockBit Ransomware နှင့်ပတ်သက်ဆက်စပ်သူများကို ဖမ်းဆီးခြင်းအတွက် အပိုဒေါ်လာ ၅ သန်း ကို ဆုကြေးအဖြစ် ကမ်းလှမ်းထားပါကြောင်း...
“Sergiu Gatlan” ၏ “FBI recovers 7,000 LockBit keys, urges ransomware victims to reach out” ကို မြတ်သဇင်မွန် ဘာသာပြန်ဆိုသည်။