အွန်လိုင်းလိမ်လည်မှုမှ ကာကွယ်နိုင်ရန်သိထားရမည့် နည်းလမ်း ၇ ချက်
အွန်လိုင်းငွေပေးချေမှုများသည် ကလစ်အနည်းငယ်ထောက်ရုံဖြင့် အချိန်မရွေး၊ နေရာ မရွေး ငွေပေးချေမှုပြုလုပ်ရန်အတွက် လွယ်ကူစေပါသည်။ သို့သော်လည်း ကလစ်တစ်ချက် မှားထောက်မိရုံဖြင့် သင့်အတွက် ကြီးမားသည့် ငွေကြေးပြဿနာကို ဖြစ်ပေါ်စေနိုင်ပါသည်။ သင်သည် အွန်လိုင်းဘဏ်လုပ်ငန်းကို ပုံမှန်အသုံးပြုနေသည်ဖြစ်စေ သို့မဟုတ် ၎င်းအပေါ် သံသယရှိသည်ဖြစ်စေ ဒစ်ဂျစ်တယ်ငွေပေးချေရာ၌ အချို့သောစိတ်ချလုံခြုံသည့် နည်းလမ်းများ မဖြစ်မနေလိုအပ်ပါသည်။
အွန်လိုင်းလိမ်လည်မှုများအကြောင်းကို အခြေခံအသိပညာရှိခြင်းသည် သင့်အား ငွေကြေးဆိုင်ရာကံဆိုးမိုးမှောင်ကျခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် အထောက်အကူဖြစ်ပါသည်။ အောက်ပါနည်းလမ်းများသည် အွန်လိုင်းလိမ်လည်မှုမှ သင်ကိုယ်တိုင် ကာကွယ်နိုင်ရန်နှင့် သင်၏ဒီဂျစ်တယ်ဆိုင်ရာအထောက်အထားကို ကာကွယ်နိုင်ရန် အထိရောက်ဆုံးသော နည်းလမ်း ၇ချက် ဖြစ်ပါသည်။
၁။ စိစစ်အတည်ပြုထားသော app များကိုသာ အသုံးပြုပါ။
မိုဘိုင်း app များသည် မိမိတို့၏စျေးဝယ်ခြင်းနှင့် ငွေပေးချေမှုပုံစံကို ပြောင်းလဲစေခဲ့သည်။ မိမိ၏ စက်ပစ္စည်းတွင် app တစ်ခုကို ထည့်သွင်းသည့်အချိန်တိုင်း စိစစ်အတည်ပြုထားသော app ကို အသုံးပြုနေကြောင်း သေချာမှုရှိရမည်ဖြစ်သည်။ မည်သည့်ငွေရေးကြေးရေး app ဖြစ်စေ၊ ဂိမ်းအသစ်ဖြစ်စေ Google Play Store၊ Windows App Store သို့မဟုတ် Apple App Store ကဲ့သို့သော တရားဝင်သည့် Play Store များမှသာ ဒေါင်းလုဒ်ရယူရမည်ဖြစ်ပါသည်။
၂။ တရားဝင်ခွင့်ပြုထားသော Website များပေါ်တွင်သာ ရှာဖွေပါ။
ပညာသားပါသည့် Website များ သို့မဟုတ် URL တွင် မူရင်း domain နာမည်နှင့်တူသော domain နာမည်ပါရှိသည့် အယောင်ဆောင်ဝဘ်ဆိုက်များကို သတိထားပါ။ သင်၏ browser ရှိ လိပ်စာထည့်သွင်းရသည့် bar တွင် "www" အရှေ့၌ "https://" နှင့် သော့ခလောက်ပုံသဏ္ဍာန်ရှိသော icon ပါမပါ စစ်ဆေးပါ။
၃။ လုံခြုံစိတ်ချရသော ဆက်သွယ်မှုများကိုသာ အသုံးပြုပါ။
ကော်ဖီဆိုင်၊ ဟိုတယ် နားနေခန်း သို့မဟုတ် လေဆိပ်တွင် WiFi အခမဲ့ အသုံးပြုရန် လှုံ့ဆော်တိုက်တွန်းခြင်းသည် ငွေကြေးဆိုင်ရာလိမ်လည်မှု ဖြစ်ပေါ်စေနိုင်ပါသည်။ အများပြည်သူ အသုံးပြုရန် လွှင့်ထားသည့် WiFi များတွင် ငွေကြေးအရောင်းအဝယ်ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ အများပြည်သူအသုံးပြုနိုင်သည့်ကွန်ရက်များသည် သင်၏အကောင့်ရှိ အရေးကြီးသည့်အချက်အလက်များကို ရယူနိုင်ရန်အတွက် ကွန်ရက်တွင်းရှိဒေတာများကို အလွယ်တကူဖော်ထုတ်နိုင်သောကြောင့် အချက်အလက်ခိုးယူမှုများ ပိုမို ဖြစ်ပွားလေ့ရှိသည်။
၄။ ကတ်အသုံးပြုနေစဉ် နိုးနိုးကြားကြားရှိပါ။
ကတ်ဖြင့်ငွေပေးချေမှုကို သင်၏မျက်မှောက်ရှေ့တွင် အမြဲပြုလုပ်ပါ။ POS စက်သည် ၁၀၀ ရာခိုင်နှုန်း စစ်မှန်ကြောင်း သေချာမှုရှိရပါမည်။ ငွေပေးချေခြင်းပြုလုပ်နေစဉ် ကတ်ကို မျက်ခြည်ပြတ်သွားသောကြောင့် ကတ်များကို Skimmer များဖြင့် ပုံတူပွားခြင်းဖြစ်ရပ်များစွာ ဖြစ်ပွားလျက်ရှိပါသည်။ သင်၏ ပေါ့ဆမှုကြောင့် သင်ခက်ခက်ခဲခဲရှာဖွေထားသော ငွေကြေးများ ကို မည်သူမှ ခိုးယူနိုင်ခြင်းမရှိပါစေနှင့်။
၅။ ဖုန်း/ကွန်ပျူတာများ၏ လုံခြုံရေးဆော့ဖ်ဝဲလ်များကို မထိခိုက်ပါနှင့်။
လူတိုင်းသည် မိမိတို့၏ငွေပေးချေမှုများကို စိတ်ချလုံခြုံမှုရှိစေချင်သော်လည်း မိမိတို့၏ မိုဘိုင်းဖုန်းနှင့်ကွန်ပျူတာများ၏ လုံခြုံရေးဆော့ဖ်ဝဲလ်များ၊ Web Browser နှင့် Operating System များကို မည်မျှအာရုံစိုက်မှုရှိကြသနည်း။ အွန်လိုင်းတွင် အမှားအယွင်း လွဲချော်မှုများကို ကာကွယ်နိုင်ရန်အတွက် သင်၏ကွန်ပျူတာ၊ Laptop နှင့် မိုဘိုင်းဖုန်းများ၏ လုံခြုံရေးကို Update ပြုလုပ်ပါ။ ထို့အပြင် အထူးအက္ခရာများ၊ စာလုံးများ၊ နံပါတ်များနှင့် အက္ခရာအသေး၊ အကြီး စာလုံးများကို ပေါင်းစပ်ခြင်းဖြင့် ခိုင်မာသောစကားဝှက်များကို သတ်မှတ်ပါ။ စကားဝှက်များကို ပုံမှန် ပြောင်းလဲပေးရန် မမေ့ပါနှင့်။
၆။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သူနှင့်မျှ မျှဝေခြင်းမပြုလုပ်ပါနှင့်။
ကိုယ်စားလှယ်၏စစ်မှန်ကြောင်းကို သေသေချာချာမသိသေးပါက သင်၏ကိုယ်ရေး ကိုယ်တာအချက်အလက်များကို အွန်လိုင်း သို့မဟုတ် အော့ဖ်လိုင်းတွင် မျှဝေခြင်းမပြုပါနှင့်။ သူစိမ်းတစ်ဦး သို့မဟုတ် ဘဏ် (သို့မဟုတ်) ဘဏ္ဍာရေးအဖွဲ့အစည်းမှ အမှုဆောင်အရာရှိတစ်ဦး အဖြစ် အယောင်ဆောင်ထားသော မည်သည့်တတိယလူ၏ နောက်ကွယ်တွင်မဆို ဖုံးကွယ်ထားသော လိမ်လည်မည့်သူတစ်ဦးတစ်ယောက် ရှိနေနိုင်ပါသည်။ သင်၏ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်အသေးစိတ်ကို မေးမြန်းတောင်းဆိုသည့်သူ၏ အထောက်အထားကို အမြဲစစ်ဆေးပါ။ ဘဏ်မှတာဝန်ရှိသူများသည် ဖုန်းခေါ်ဆိုရာ၌ OTP၊ CVV ကဲ့သို့သော အရေးကြီးသည့် အချက်အလက်များကို မည်သည့်အခါမျှ မေးမြန်းတောင်းဆိုခြင်းမပြုပါ။ ထို့ပြင် ဘဏ်၏အမည်၊ ဘဏ်ခွဲ၊ အကောင့်နံပါတ် အစရှိသည်တို့ ပါဝင်သော အရေးကြီးသည့် ငွေကြေးအသေးစိတ်အချက်အလက်များကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခြင်း လုံးဝ မပြုလုပ်ရပါ။
၇။ SMS သို့မဟုတ် အီးမေးလ်များရှိ သံသယဖြစ်ဖွယ်လင့်ခ်များကို မည်သည့်အခါမျှ မနှိပ်ပါနှင့်။
လင့်ခ်ကိုနှိပ်စေရန် မျှားခေါ်ခြင်း (Link baiting)၊ အီးမေးလ်အတုအယောင်များနှင့် စာတို (SMS) များသည် လူများအား လိမ်လည်မှုခံရစေရန် ထောင်ချောက်ဆင်ထားသည့် အဖြစ်များဆုံးသောပုံစံများ ဖြစ်သည်။ ဤလင့်ခ်များသည် အစစ်အမှန်လင့်ခ်များကဲ့သို့ ပုံစံရှိပြီး ထီပေါက်ခြင်း သို့မဟုတ် နိုင်ငံရပ်ခြားအလုပ်အကိုင်အခွင့်အလမ်းများကဲ့သို့ သင်၏ အာရုံစိုက်မှုကိုရရှိအောင် ဆွဲဆောင်သည်။ အဆိုပါလင့်ခ်များသည် သင့်အား လိမ်လည်မည့် Website တစ်ခုဆီသို့ ရောက်ရှိစေပြီး သင့်မိုဘိုင်းဖုန်း၏ လုံခြုံရေးစနစ်များကို ဖျက်ဆီးသွားစေနိုင်သောကြောင့် ၎င်းလင့်ခ်များထဲသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုပါနှင့်။ မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပါက ဖုန်းချလိုက်ခြင်းသည် ပို၍ ကောင်းမွန်ပါသည်။
အင်တာနက်သည် လိမ်လည်မှုကျူးလွန်ရန် လူကြိုက်အများဆုံးသော ကိရိယာများထဲမှ တစ်ခုဖြစ်လာသည်နှင့်အမျှ နှစ်စဉ် ထောင်နှင့်ချီသောလူများသည် ဘဏ်လုပ်ငန်းဆိုင်ရာ လိမ်လည်မှုများ၏ သားကောင်များဖြစ်လာကြပါသည်။ ဤနည်းလမ်းများသည် သင်ကိုယ်တိုင် အွန်လိုင်းလိမ်လည်မှု၏ သားကောင်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်မည့် အခြေခံ နည်းလမ်းများဖြစ်ပါသည်။ သင်၏ Debit ကတ်များ သို့မဟုတ် အကြွေးဝယ်ကတ်များ ပျောက်ဆုံးပါက သို့မဟုတ် ခိုးယူခံရပါက ဘဏ်သို့ ချက်ချင်းအကြောင်းကြားပြီး ၎င်းကို ဆက်လက် အသုံးမပြုနိုင်ရန် ကန့်သတ်ပိတ်ပင်လိုက်ခြင်းသည် ငွေကြေးဆုံးရှုံးမှုကို မဖြစ်ပွားစေရန် ဆောင်ရွက်ရမည့် ပထမအဆင့်ဖြစ်သည်။ ကတ်ကို အချိန်မီ ပိတ်ပင်ခြင်းသည် သင်၏ငွေကြေးဆိုင်ရာလုံခြုံရေးကို ထိခိုက်မှုမဖြစ်ပွားအောင် တားဆီးနိုင်ပါသည်။
“Pallavi Arun Verma” ၏ “7 Measures you should know to prevent online fraud” ကို လဲ့ရည်လွင် ဘာသာပြန်ဆိုပါသည်။
