အဖွဲ့အစည်းများအနေဖြင့် ဆိုက်ဘာတိုက်ခိုက်ခံရခြင်း အကြောင်းရင်း ၇ ချက်
၁။ လူသားများသည် တိုက်ခိုက်ရန် အလွယ်ဆုံးကွင်းဆက်များ ဖြစ်ကြခြင်း
ကျွန်ုပ်တို့ လူသားများသည် အမှားကို လုပ်မိရန် ဝန်မလေးကြပေ။ ထိုသို့အမှားတွေကို လုပ်မိမှ ကျွန်ုပ်တို့သည် အမှားများကတစ်ဆင့် သင်ယူပြီး တတ်မြောက်အောင်မြင်လာတတ်ကြပါသည်။ ဇီဝဗေဒနည်းပညာအားဖြင့် ကြည့်မည်ဆိုလျှင် ကျွန်ုပ်တို့သည် အမှားလုပ်မိရန်အတွက် ဖြစ်တည်လာသလားဟုပင် ထင်ကောင်းထင်နိုင်ပါသည်။ ဥပမာအနေဖြင့် ပြောရလျှင် SpaceX ကဲ့သို့ အဖွဲ့အစည်းမျိုးတွင်ပင် အမှားများကို ထပ်ခါတလဲလဲ လုပ်မိရင်း နောက်ဆုံးတွင် သူတို့သည် ဒုံးကျည်နှင့်ဆိုင်သော နည်းပညာများ၊ အာကသယာဉ်နှင့်ဆိုင်သော နည်းပညာလောကတွင် ဆရာတစ်ဆူ အဖြစ်သို့ ပြောင်းလဲပြီး အောင်မြင်မှုများကို ဆွတ်ခူးနိုင်ပါသည်။ ထိုကဲ့သို့အဖွဲ့အစည်းများတွင် မည်မျှပင် အဆင့်မြင့်နည်းပညာရှင်များဖြင့် ဖွဲ့စည်းထားစေကာမူ ၎င်းတို့မအောင်မြင်ခင်တွင် ဒုံးကျည်ပေါင်း မြောက်မြားစွာ ပေါက်ကွဲပျက်စီးစေခဲ့ပြီး ၎င်းအမှားများမှတစ်ဆင့် သင်ယူကာ နောက်ဆုံးတွင် နိုင်ငံတကာအာကာသစခန်းခေါ် International Space Station (ISS) သို့ ဒုံးကျည်များကို အောင်မြင်စွာ ဆင်းသက်စေနိုင်ခဲ့ပါသည်။
တနည်းအားဖြင့် ဆိုက်ဘာလုံခြုံရေးသည်လည်း အထက်ဖော်ပြပါ ဥပမာများနှင့် အလားတူပင်။ အမှားများကို ရှောင်လွဲရန်နေနေသာသာ ဘယ်အချိန်တွင် အမှားများလုပ်မိမည်နည်း ဆိုသည်ကိုသာ စောင့်နေရပါလိမ့်မည်။ အကယ်၍ နည်းပညာလောကတွင် အမှားများပါသွားပြီဆိုလျှင် အဆိုပါအမှားများကို အသုံးချပြီး မသမာသူများအတွက် တိုက်ခိုက်နိုင်ရန် ပြတင်းပေါက်ကို ဖွင့်ပေးသလို ဖြစ်နေပါလိမ့်မည်။ မသမာသူ (Hacker) များက အဆိုပါ ပြတင်းပေါက် (လုံခြုံရေးအားနည်းသော ယိုပေါက်)ကို အသုံးပြုပြီး တိုက်ခိုက်ပါလိမ့်မည်။ မည်မျှပင် လုံခြုံရေး တင်းကြပ်ပြီး အဆင့်မြင့်သော ကွန်ရက်များတွင်မဆို လူသားများသည် အမှားများ လုပ်မိတတ်ကြပါသည်။ ဤသည်က ရှောင်လွဲလို့ မရသော ပြဿနာပင်ဖြစ်ပါသည်။ ၎င်းကို ဖြေရှင်းနိုင်ရန်အတွက် ဖြစ်နိုင်သည့်နည်းလမ်းတစ်ခုမှာ စည်းကမ်းတင်းကြပ်ပြီး လုံခြုံရေးမြင့်မားသော စနစ်ကို တီထွင်ကျင့်သုံးရမည်ဖြစ်ပြီး အကယ်၍ တိုက်ခိုက်ခံရပြီဆိုလျှင်လည်း အမြန်ဆုံး ပြန်လည်ပြုပြင်ဖာထေးနိုင်မည့် အစီအစဉ်တွေကိုလည်း ချမှတ်ထားရမည် ဖြစ်ပါသည်။
၂။ ဆိုက်ဘာလုံခြုံရေးနည်းပညာ အားကောင်းသော်လည်း ကျွမ်းကျင်မှုအားနည်းခြင်း
ကြားနေရသောသတင်းများမှာ များစွာသော အသေးစား၊ အကြီးစား စီးပွားရေးလုပ်ငန်းစုများ တိုက်ခိုက်ခံရခြင်းဖြစ်ပါသည်။ ထိုတိုက်ခိုက်ခံရမှုများကို ရိုးရှင်းစွာ မေးခွန်းထုတ်ရမည်ဆိုလျှင် အဖွဲ့အစည်းများ အဘယ်ကြောင့် လုံခြုံမြင့်မားသော ဆိုက်ဘာလုံခြုံရေးဖြေရှင်းနည်းများကို မဝယ်ယူကြသနည်းဆိုသည်ပင်။ သို့သော် ထိုကိစ္စမျိုးသည် ထင်သလောက် မလွယ်ကူလှချေ။
လူသားများသည် လုံခြုံရေးစနစ်ကို ပုံဖော်ကြ၊ အကောင်အထည်ဖော်ကြ၊ စီမံခန့်ခွဲကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နေသော်လည်း ချွတ်ယွင်းချက်များက အမြဲပေါ်ပေါက်လာနိုင်ပါသည်။ ဆိုက်ဘာလုံခြုံရေးနည်းပညာများ အလွန်အမင်းအားကောင်းလာကြပြီး ချွတ်ယွင်းချက်များကို ပြန်လည်ဖာထေးရန် ကျွန်တော်တို့လည်း အံ့သြဖွယ် နည်းပညာများကို အမီလိုက်လာကြပါသည်။
ခေတ်မီလုံခြုံပြီးစွမ်းဆောင်ရည်မြင့်မားသော လုံခြုံရေးဆိုင်ရာထုတ်ကုန်များကို စီစဉ်ဆောင်ရွက်ရန် ကျွမ်းကျင်မှုသည် ရှားပါးနေဆဲဖြစ်ပါသည်။ ထို့ကြောင့် ဆိုက်ဘာပြစ်မှုကျူးလွန်သူများသည် ထိုကျွမ်းကျင်မှု၊ ကွာဟချက်များကို သိရှိပြီး ၎င်းတို့၏အကျိုးအမြတ်အတွက် အသုံးချရန် ကြိုးစားနေကြပါသည်။
၃။ ဆိုက်ဘာရာဇဝတ်ကောင်များက နှာတစ်ဖျားသာနေခြင်း
ဆိုက်ဘာရာဇဝတ်ကောင်များသည် ပျော်ရွှင်မှု၊ ငွေကြေး၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများကို လျှို့ဝှက်ထောက်လှမ်းခြင်း၊ နိုင်ငံရေးနှင့် အခြားအကြောင်းများကြောင့် တိုက်ခိုက်မှုများကို လုပ်ဆောင်ကြပါသည်။ ၎င်းတို့အတွက် စနစ်တခုအတွင်းတွင် နည်းပညာပိုင်းဆိုင်ရာ (သို့မဟုတ်) လူမှုရေးပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တစ်ခုကိုဖြစ်ဖြစ် ရှာဖွေရန် လိုအပ်ပါသည်။ ထို့အတွက်ကြောင့် လုံခြုံရေးစီမံခန့်ခွဲသူများသည် အားနည်းချက် အားလုံးနီးပါးကို လျင်လျင်မြန်မြန် ဖာထေးကာကွယ်ကြရပါသည်။ ထိုအရာကို ဆိုက်ဘာတိုက်ခိုက်မှုဟု ပြော၍မရသေးပါ။
အလုံခြုံဆုံးစနစ်တွေပင် ပြင်းပြသည့် စိတ်ဆန္ဒများ၊ သည်းခံမှုများနှင့် ရာဇဝတ်ကောင်များမှ တိုက်ခိုက်လာလျှင် အားနည်းလာပါသည်။ အမှန်တကယ် အရေးကြီးသော ကိစ္စအနေဆိုရလျှင် ကုမ္ပဏီတစ်ခုသည် လုံခြုံရေးပိုင်းဆိုင်ရာ ပြစ်ချက်များ၊ ယိုပေါက်များကို မည်မျှမြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်သနည်း၊ လုံခြုံရေးစံနှုန်းများ ဆက်လက်အားကောင်းလာစေရန် လက်ရှိတွင် ဆိုက်ဘာတိုက်ခိုက်မှုများကို ခုခံရန် မည်သို့လေ့လာ၊ သင်ယူလေ့ကျင့်သင့်သည်ဆိုသည်သာ ဖြစ်ပါသည်။
၄။ ဆိုက်ဘာရာဇဝတ်မှုများက အကျိုးအမြတ် ပိုဖြစ်ထွန်းစေခြင်း
ဆိုက်ဘာပြစ်မှုကျူးလွန်သူများသည် ဒစ်ဂျစ်တယ်စစ်မြေပြင်ဆီသို့ ရွှေ့ပြောင်းတိုက်ခိုက်လာကြပါသည်။ ဤသည်မှာ ယုတ္တိရှိပါသည်။ ဆိုက်ဘာပြစ်မှုသည် ပွင့်လင်းမြင်သာလာပြီး အန္တရာယ်လည်းနည်းလာနိုင်သလို အဝေးမှ ထိန်းချုပ်တိုက်ခိုက်နိုင်သည့်အတွက် ဖမ်းမိရန် အခွင့်အလမ်းလည်း လျော့နည်းလာနိုင်ပါသည်။
မကြာသေးခင်အချိန်၌ ဘဏ်အများအပြား ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အကြီးမားဆုံး ဆိုက်ဘာ ခိုးယူမှုကြီးသည် ဆွစ်ဘဏ်စနစ်ကို တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေါ်လာသန်းပေါင်းများစွာ ခိုးယူခြင်း ခံခဲ့ရပါသည်။ အွန်လိုင်းရာဇဝတ်မှုများသည် ခြေရာခံ၍မရပါ။ ထို့ကြောင့် ပြစ်မှုကျူးလွန်လေ့ရှိသူများအတွက် ဆိုက်ဘာ တိုက်ခိုက်မှုသည် ပိုပြီးလုံခြုံစိတ်ချစရာ အပြောင်းအလဲဖြစ်လာသည်မှာ အံ့သြစရာပင် မရှိပါ။
၅။ လူများသည် ဆိုက်ဘာစစ်တလင်းတွင် အိပ်မောကျနေကြခြင်း
လုံခြုံရေး စီမံခန့်ခွဲသူများသည် ဆိုက်ဘာစစ်မြေပြင်တွင် သတိမေ့လျော့နေနိုင်ပါသည်။ ထိုသို့အချိန်မျိုးတွင် ဆိုက်ဘာရာဇဝတ်မှု ဖြစ်ပွားနိုင်ပါသည်။ အကယ်၍ လုံခြုံရေးစနစ်များကို မှန်မှန်သုံးသပ်ခြင်း၊ လုံခြုံရေးဆိုင်ရာ ပစ္စည်းများကို အဆင့်မြှင့်တင်ခြင်း၊ အမှားများမှ သင်ယူခြင်း၊ လုံခြုံရေးစီမံသူများနှင့် ဝန်ထမ်းများကို ဆက်တိုက် လေ့ကျင့်ပေးခြင်း စသည်ဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ထားခြင်းမရှိလျှင် မည်သည့်အဖွဲ့အစည်းမဆို ဆိုက်ဘာလုံခြုံရေးကာကွယ်မှုသည် အစိုးရ/နည်းပညာအဖွဲ့အစည်းများ၏ လက်သပ်မွေးထားသော ဟက်ကာများ (APT) ၏တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရန် အားနည်းနေဆဲ ဖြစ်ပါလိမ့်မည်။
၆။ နည်းပညာသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး အရှိန်အဟုန် မရပ်တန့်ခြင်း
မြန်နှုန်းမြင့်နည်းပညာနှင့်အတူ ဆိုက်ဘာတိုက်ခိုက်မှုကို လူသားများ အမှီမလိုက်နိုင်သည်မှာ အံ့သြစရာပင်မဟုတ်ပါ။ ကျွန်တော်တို့သည် ဉာဏ်ရည်တုနည်းပညာ အသုံးပြုထားသောစက်များကို ဆိုက်ဘာ လုံခြုံရေးစီမံခန့်ခွဲမှုတွင် လက်လွှဲယူဆောင်စေပြီး လုံခြုံရေးအတွက်လုပ်ဆောင်ကာ လူသားများကို အနားပေးဖွယ် ရှိလာပါမည်။
စက်များသည် စည်းမျဉ်းစည်းကမ်းများကို အမှားအယွင်းမရှိ လိုက်နာနိုင်ပြီး တဟုန်ထိုးတိုက်ခိုက်လာသော ဆိုက်ဘာတိုက်ခိုက်မှုများကို အမီလိုက်နိုင်ကြပါသည်။ ထို့အပြင် လူသားများထက် ပိုပြီး လျင်မြန်စွာ လိုက်လျောညီထွေ အလုပ်လုပ်နိုင်ကြပါသည်။ လုံခြုံရေးစံ သတ်မှတ်ချက်တွေနှင့် ဖြစ်စဉ်များတွင် လူသားများထက် သတိရှိသည် ဆိုသည်မှာ သက်သေပြနိုင်ပါသည်။ ၎င်းတို့သည် ဆိုက်ဘာတိုက်ပွဲများတွင် သတိလက်လွတ် မနေကြပါ။ Skynet ဟုခေါ်သောစက်သည် လူသားများပါဝင်ခြင်းမရှိစေဘဲ အဖွဲ့အစည်းများကို ဆိုက်ဘာရာဇဝတ်မှုများမှ အလိုအလျောက် ကာကွယ်နိုင်ပါသည်။ သို့သော် စက်များအပေါ် လုံးစုံမှီခိုအားထားရန် များစွာလိုအပ်ပါသည်။
၇။ ဆိုက်ဘာလောကတွင် သင်ဘာသိသလဲဆိုတာကိုသာ သင်သိခြင်း
ဆိုက်ဘာကမ္ဘာ၏ စိန်ခေါ်မှုသည် လူသားများအမှီလိုက်နိုင်သည်ထက် ပိုမိုမြန်ဆန်လျက်ရှိပါသည်။ သင်၏ကွန်ရက်ထဲတွင် အမှန်တကယ်ဖြစ်ပွားနေသည့် သင်မသိနိုင်သော ထူးဆန်းဖွယ်ရာများ ဖြစ်နေနိုင်ပါသည်။ သို့သော်လည်း ဆိုက်ဘာလုံခြုံရေးကို အသေးစိတ်ဆန်းစစ်ကြည့်မည်ဆိုလျှင် သိသင့်သည်ကိုသိခြင်းသည် ကောင်းမွန်သော်လည်း မသိရှိသည်ကို သိခြင်းသည် ပိုမိုကောင်းမွန်ပါသည်။
Marco Essomba ၏ "7 Reasons why organizations get hacked" ကို ရွှေဝတ်ရည် ဘာသာပြန်ဆိုပါသည်။