Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကျင်းပပြုလုပ်
Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၌ ယနေ့မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြိုင်ပွဲသို့ တပ်မတော်နည်းပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရနည်းပညာကောလိပ်/သိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး UI$ Team အသင်းက ပထမ၊ n00b_779082 အသင်းက ဒုတိယနှင့် U_SH3LL အသင်းက တတိယ အသီးသီးရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်အသင်းပေါင်း ၃၅ သင်း စာရင်းပေးသွင်းခဲ့ကြသည့်အတွက် ၃၁-၇-၂၀၂၃ ရက်နေ့တွင် လက်ရည်စစ်ပွဲကို အွန်လိုင်းဖြင့်ကျင်းပခဲ့ပြီး အမှတ်အများဆုံး ရရှိခဲ့ကြသော အသင်း ၂၅ သင်းသည် နေပြည်တော်တွင် ကျင်းပသော နောက်ဆုံးအဆင့်၌ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
ပြိုင်ပွဲတွင် Main Sponsor အဖြစ် Myanma Posts and Telecommunications (MPT) မှလည်းကောင်း၊ Gold Sponsor များအဖြစ် Telecom International Myanmar Co.,Ltd (Mytel) နှင့် Creative Exploration Co., Ltd. တို့မှလည်းကောင်း၊ Co-sponsor များအဖြစ် Advancing Telecommunications of Myanmar Limited (ATOM)၊ Naung Yoe Technologies Co., Ltd.၊ Hi-Link Company Limited နှင့် United Info-Sec Co., Ltd. တို့မှ ပံ့ပိုးကူညီခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ အကန့်အသတ်ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် (၇) ကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲမှ အနိုင်ရ ထူးချွန်သူများကို အာဆီယံဒေသတွင်း နိုင်ငံများတွင် ကျင်းပပြုလုပ်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
