Skip to main content
x

Meta က "ဝက်သတ်ခြင်း" လိမ်လည်မှုများကို တွန်းအားပေးနေသော အကောင့်ပေါင်း ၂ သန်းကျော်ကို ဖယ်ရှား

          Meta သည် ယခုနှစ်အစကတည်းက ၎င်း၏ ပလက်ဖောင်းများတွင် ဝက်သတ်ခြင်း (“ဝက်အား အဆီတက်အောင် မွေးမြူပြီးမှ သတ်ခြင်း” ကဲ့သို့ “ယုံကြည်မှုတည်ဆောက်ပြီးမှ လိမ်လည်ခြင်း”) နှင့် အခြားလိမ်လည်မှုများနှင့်ဆက်စပ်နေသော အကောင့်ပေါင်း ၂ သန်းကို ဖယ်ရှားခဲ့ကြောင်း ကြေညာခဲ့သည်။

          ဤအကောင့်အများစုသည် မြန်မာ၊ လာအို၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဖိလစ်ပိုင်နှင့် “လိမ်လည်မှု ကျွန်” လုပ်ငန်းများရှိသည်ဟု လူသိများသော ကမ္ဘောဒီးယားတို့မှ အရင်းခံသည်။

          “ဒီရာဇဝတ်မှုဆိုင်ရာ လိမ်လည်မှု ဗဟိုချက်တွေဟာ မကြာခဏဆိုသလို အယုံလွယ်တဲ့ အလုပ်ရှာဖွေသူတွေကို ဒေသတွင်း အလုပ်ဘုတ်အဖွဲ့တွေ၊ ဖိုရမ်တွေနဲ့ အလုပ်ခန့်ထားရေး ပလက်ဖောင်းတွေမှာ အမှန်တကယ်ဖြစ်ဖို့ မဖြစ်နိုင်လောက်အောင် ကောင်းမွန်လွန်းတဲ့ အလုပ်ကြော်ငြာတွေနဲ့ မက်လုံးပေးပြီး ဆွဲဆောင်ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို အွန်လိုင်း လိမ်လည်သူတွေအဖြစ် အလုပ်လုပ်ခိုင်းပြီး မကြာခဏဆိုသလို ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ခြိမ်းခြောက်မှုတွေနဲ့ အတင်းအကျပ် ခိုင်းစေပါတယ်” ဟု Meta မှ ရှင်းပြသည်။

          ဤအကောင့်များမှ လုပ်ဆောင်သော အဓိက လိမ်လည်မှုအမျိုးအစားမှာ “ဝက်သတ်ခြင်း” ဖြစ်ပြီး ကာလရှည် ခြယ်လှယ်မှုနှင့် အဆင့်မြင့် လှည့်ဖြားမှုများအပေါ် မှီခိုနေသည့် အထူးသဖြင့် ထိခိုက်ပျက်စီးစေသော ငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်ခြင်း တစ်မျိုးဖြစ်သည်။

          Meta သည် ၎င်း၏ ဂေဟစနစ်မှ ဤအကောင့်များကို ဖယ်ရှားခဲ့ပြီးနောက် လိမ်လည်မှု စစ်ဆင်ရေးများကို ၎င်းတို့၏ အရင်းအမြစ်မှာပင် ဖျက်စီးနိုင်ရေးအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်များကို မျှဝေရန် ထိုနိုင်ငံများရှိ ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ပူးပေါင်းခဲ့သည်။

လူမှုမီဒီယာပေါ်ရှိ လိမ်လည်မှုများ

          အာရှပစိဖိတ်ဒေသရှိ ဂိုဏ်းများသည် အဓိကအားဖြင့် “ဝက်သတ်ခြင်း” လိမ်လည်မှုများကို လုပ်ဆောင်သော်လည်း ကမ္ဘာတစ်ဝှမ်းရှိ အသုံးပြုသူများကို ပစ်မှတ်ထားကြောင်း Meta မှ ပြောကြားခဲ့သည်။

          နည်းပညာကုမ္ပဏီကြီးသည် ၎င်း၏ ပလက်ဖောင်းများပေါ်တွင် လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလမှစ၍ ဤပြဿနာကို တက်ကြွစွာ တိုက်ဖျက်နေကြောင်း၊ ကမ္ဘောဒီးယားမှ လာအို၊ မြန်မာနှင့် UAE ကဲ့သို့သော အခြားနေရာများသို့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများ ပျံ့နှံ့လာသည်ကို မြင်တွေ့ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

          အတင်းအကျပ်စေခိုင်းခံရသူများ သို့မဟုတ် သိလျက်နှင့် ပါဝင်သူများဖြစ်သည့် ပြစ်မှုကျူးလွန်သူများသည် ဆွဲဆောင်မှုရှိသော လူလွတ်များ (သို့) အစိုးရအေဂျင်စီများနှင့် ကုမ္ပဏီကြီးများ၏ အဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကြသည်။

          ၎င်းတို့သည် သုံးစွဲသူအများအပြားထံသို့ ယေဘုယျဆန်သော မက်ဆေ့ချ်များ (DM၊ SMS သို့မဟုတ် အီးမေးလ်မှတဆင့်) ပေးပို့ပြီး ၎င်းတို့ထဲမှ အချို့က တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ကာ “ကျယ်ပြန့်စွာ ပစ်မှတ်ထားခြင်း” နည်းဗျူဟာကို အသုံးပြုကြသည်။

          လိမ်လည်သူများနှင့် ထိတွေ့ဆက်ဆံမိသူများသည် လိမ်လည်လှည့်ဖြားမှု သံသရာထဲသို့ ရောက်ရှိသွားပြီး တရားဝင်ပုံရသော်လည်း မှားယွင်းသော အမြတ်ငွေများကို ပြသသည့် ယုံကြည်မှုတည်ဆောက်ဆဲအဆင့်တွင် ကနဦးခြွင်းချက်အနေဖြင့် ငွေထုတ်ယူခွင့်ပြုခြင်းမှလွဲ၍ (ကျန်အချိန်တွင်) ငွေထုတ်ယူခွင့်မပြုသော လိမ်လည်သည့် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများသို့ ရောက်ရှိသွားစေသည်။

pig

 

ဝက်သတ်ခြင်း လိမ်လည်မှု ဥပမာပုံ (သတင်းရင်းမြစ် - Meta)

          ဤလိမ်လည်မှုတွေကို လူများ သိပ်အယုံသွင်းခံရမည် မထင်ရသော်လည်း ၎င်းသည် စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများအတွက် ကြီးမားသောငွေရပေါက် တစ်ခု ဖြစ်လာကြောင်း FBI က အစီရင်ခံထားသည်။

          FBI ၏ ၂၀၂၃ ခုနှစ် အင်တာနက်ရာဇဝတ်မှု အစီရင်ခံစာတွင် ရင်းနှီးမြှုပ်နှံမှု လိမ်လည်ခြင်းများသည် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃.၃၁ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၄.၅၇ ဘီလီယံအထိ ၃၈% တိုးလာကြောင်း သတိပေးထားသည်။

Meta ၏ ဆောင်ရွက်ချက်များ

          Meta က ၎င်းသည် Facebook၊ Instagram၊ WhatsApp နှင့် Messenger အပါအဝင် ၎င်း၏ ပလက်ဖောင်းများပေါ်တွင် သုံးစွဲသူများကို မက်လုံးပေး သွေးဆောင်ခြင်း မပြုမီ ဤလိမ်လည်မှုများကို ထောက်လှမ်းပြီး ရပ်တန့်နိုင်ရန် ကြိုးပမ်းမှု အစီအမံများစွာကို အသုံးပြုထားကြောင်း ပြောကြားခဲ့သည်။

          ကုမ္ပဏီသည် ၎င်း၏ နောက်ဆုံးကြေညာချက်တွင် အောက်ပါ အစီအမံများကို ဖော်ပြထားသည်-

၁။ Meta သည် လိမ်လည်မှုအဖွဲ့များကို ပိတ်ပင်ရန်နှင့် ၎င်းတို့၏ စစ်ဆင်ရေးများကို ပလက်ဖောင်း အနှံ့အပြားတွင် ရပ်တန့်နိုင်ရန် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ (DOI) မူဝါဒကို အကောင်အထည်ဖော်သည်။

၂။ လိမ်လည်မှုနှင့် သက်ဆိုင်သော အကောင့်များနှင့် အခြေခံအဆောက်အအုံများကို ဖော်ထုတ်ပိတ်ပင်ရန် အပြုအမူဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အချက်ပြမှုများကို အသုံးပြုသည်။

၃။ Meta သည် လိမ်လည်မှုများကို နှောင့်ယှက်ရပ်တန့်ရန်နှင့် ရာဇဝတ်ဂိုဏ်းများကို တာဝန်ခံမှုရှိစေရန် ကမ္ဘာလုံးဆိုင်ရာ ဥပဒေစိုးမိုးရေး အဖွဲ့များနှင့် အမြင်များကို ဖလှယ်သည်။

၄။ Meta သည် နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပြီး “Tech Against Scams Coalition” ကဲ့သို့သော ပလက်ဖောင်းဖြတ်ကျော် ကာကွယ်ရေးများကို တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သည်။

၅။       Messenger နှင့် Instagram တွင် သတိပေးချက်များကဲ့သို့သော အကာအကွယ်ပေးသည့် လုပ်ဆောင်ချက်များနှင့် WhatsApp တွင် အဖွဲ့လိုက် ချက်တင်ပြုလုပ်ခြင်း၏ ပွင့်လင်းမြင်သာမှုသည် သုံးစွဲသူများအား လိမ်လည်မှုများကို ဖော်ထုတ်ပြီး ရှောင်ရှားနိုင်ရန် ကူညီပေးသည်။

          Meta ၏ ပလက်ဖောင်းများကို အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ အကောင့်များတွင် Two-factor Authentication ကို ဖွင့်ထားရန်၊ အခိုးခံရသော အကောင့်များသို့ ပြန်လည်ဝင်ရောက်ခွင့်ရရန် 'Selfie Verification' လမ်းကြောင်းကို ထည့်သွင်းစဉ်းစားရန်နှင့် ကိုယ့်ဘက်ကမစတင်ဘဲ ဆက်သွယ်လာမှုများကို အမြဲသတိထားရန် အကြံပြုထားသည်။

          လူမှုမီဒီယာနှင့် ဆက်သွယ်ရေး ပလက်ဖောင်းများပေါ်တွင် ငွေကြေးတောင်းခံမှုများ ကြုံတွေ့ရပါက (ဖြစ်နိုင်ခြေရှိသော) အရေးပေါ်အခြေအနေ ဖြစ်နေသူများ (သို့) "အမှန်တကယ်ဖြစ်ဖို့ မဖြစ်နိုင်တဲ့" ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များတွင် ပါဝင်ရန် တောင်းဆိုမှုများမှ ကင်းဝေးအောင် နေထိုင်ရန် လိုအပ်ပါကြောင်း ....

“Bill Toulas” ၏ “Meta removes over 2 million accounts pushing pig butchering scams” ကို ဘာသာပြန်ဆိုသည်။