Skip to main content
x

အွန်လိုင်းတွင် ရှာဖွေကြည့်ရှုခဲ့သည့် ဒေတာများအား ကြော်ငြာကိစ္စအတွက် ရောင်းချမှုဖြင့် Avast အား FTC မှ တားမြစ်ပိတ်ပင်တော့မည်

          အမေရိကန်ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) သည် Avast အား ဒေါ်လာ ၁၆.၅ သန်းပေးချေရန်နှင့် သုံးစွဲသူများ၏ ဝဘ်ရှာဖွေမှုအချက်အလက်များကို ရောင်းချခြင်း သို့မဟုတ် ကြော်ငြာကိစ္စအတွက် ကုမ္ပဏီအား လိုင်စင်ထုတ်ပေးခြင်းတို့ကို တားမြစ်ရန် အမိန့်ချမှတ်မည် ဖြစ်သည်။

          တိုင်ကြားချက်တွင် Avast အနေဖြင့် သန်းနှင့်ချီသော သုံးစွဲသူအခွင့်အရေးကို ချိုးဖောက်ကာ သုံးစွဲသူများ၏ ဝဘ်ရှာဖွေမှုအချက်အလက်များကို ၎င်းတို့မသိဘဲ၊ သဘောမပါဘဲ စုဆောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် ရောင်းချခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း၊ ကုမ္ပဏီ၏ထုတ်ကုန်များက အွန်လိုင်းတွင်ခြေခံရာခံခြင်းကို တားဆီးလိမ့်မည်ဟု သုံးစွဲသူများကို လွဲမှားစွာယုံကြည်စေခဲ့ပြီး ထိုထုတ်ကုန်များက သုံးစွဲသူများ၏အချက်အလက်များကို စုဆောင်းခဲ့ကြကြောင်း ဆိုသည်။

          FTC အနေဖြင့် သုံးစွဲသူများ၏ ဒေတာသုံးစွဲခြင်းအမူအကျင့်အပေါ် အလွဲသုံးစားလုပ်သော ကုမ္ပဏီများကို ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ချိုးဖောက်မှုဖြင့် ပုံမှန်တရားစွဲဆိုမှုများ ပြုလုပ်နေစဉ်တွင် သုံးစွဲသူများ၏ ရှာဖွေမှုမှတ်တမ်းများကို ကာကွယ်ပေးသည်၊ အချက်အလက်များအား​ ခြေရာခံခြင်းကို ကာကွယ်ပေးသည်ဟု ၎င်း၏ထုတ်ကုန်များကို အထူးတလည် အရောင်းမြှင့်တင်ကာ ထိုမှတ်တမ်းများအား ရောင်းချသည့်  Avast ၏  ဆုံးဖြတ်ချက်သည် အလွန်ပင် ရှက်ဖွယ်လိလိဖြစ်ကြောင်း FTC ၏ ဥက္ကဋ္ဌ Lina M. Khan က ပြောကြားသည်။

          ထို့ပြင် Avast မှ ထုတ်ပေးခဲ့သော ဒေတာပမာဏသည် အလွန်ပင်များပြားနေကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကုမ္ပဏီလုပ်ငန်းခွဲဖြစ်သော Jumpshot အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ ဝဘ်တွင်ရှာဖွေခဲ့သော အချက်အလက် 8 PetaBytes ကျော် သိမ်းဆည်းထားကြောင်း တိုင်ကြားချက်တွင် စွပ်စွဲထားသည်။

          တိတိကျကျပြောရလျှင် ယူကေအခြေစိုက် Avast Limited အနေဖြင့် လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကပင် သုံးစွဲသူများ မသိဘဲ၊ သဘောမပါဘဲ Avast Browser Extension များနှင့် Antivirus ဆော့ဖ်ဝဲလ်များဖြင့် ဝဘ်တွင်ရှာဖွေခဲ့သောအချက်အလက်များကို စုဆောင်းနေခဲ့ကြောင်း FTC မှ ပြောကြားသည်။

          Avast မှပေးခဲ့သော ဒေတာများတွင် Web Browser အသီးသီး၏ တိကျသော ID များ၊ ဝဘ်ဆိုက်တိုင်းသို့ လည်ပတ်ခဲ့သည့်အချက်အလက်များ၊ အချိန်များ၊ စက်အမျိုးအစားနှင့် Browser အမျိုးအစားများအပြင် သုံးစွဲသူ၏ မြို့၊ ပြည်နယ်နှင့် နိုင်ငံတို့လည်း ပါဝင်ပါသည်။ ၎င်း၏ ဒေတာမျှဝေခြင်းအလေ့အကျင့်အား ဖော်ပြရာတွင် Avast အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား လွှဲပြောင်းရာတွင် (တစ်ဦးချင်းစီမဟုတ်သော) ပေါင်းရုံးသော၊ အမည်တိတိပပမဖော်ပြသော ပုံစံဖြင့်သာ လွှဲပြောင်းမည်ဟု ကုမ္ပဏီက မှားယွင်းစွာ ဆိုထားသည်။

          Avast သည် ဤအချက်အလက်များကို အချိန်အကန့်အသတ်မရှိ သိမ်းဆည်းထားပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်း၏လုပ်ငန်းခွဲကုမ္ပဏီဖြစ်သော Jumpshot မှတစ်ဆင့် ပြင်ပအဖွဲ့အစည်း ၁၀၀ ကျော်ထံသို့ ရောင်းချခဲ့ကြောင်း FTC မှ ပြောဆိုခဲ့သည်။

          ဥပမာအားဖြင့် Jumpshot သည် ကြော်ငြာကုမ္ပဏီ Omnicom နှင့် သဘောတူညီချက်ပြုလုပ်ခဲ့ပြီး နိုင်ငံခြောက်နိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ မက္ကဆီကို၊ ဩစတြေးလျ၊ ကနေဒါနှင့် ဂျာမနီ)မှ Jumpshot သုံးစွဲသူများ၏ အချက်အလက် ၅၀% ကို ရယူခွင့်ပြုခဲ့ကြောင်း တိုင်ကြားချက်တွင် စွပ်စွဲထားသည်။

          စွပ်စွဲချက်အရ Avast သည် မသက်ဆိုင်သောအဖွဲ့အစည်း/အရာများမှ ခြေရာခံနိုင်ခြင်းမရှိစေရန် ပိတ်ပင်တားဆီးကာ သုံးစွဲစေသူများ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကာကွယ်ရန် ကတိကဝတ်ပြုထားခြင်းဖြင့် သုံးစွဲသူများကို လှည့်စားထားသည်။ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ အသေးစိတ်ကျသော၊ ရှာဖွေခဲ့သည့်အချက်အလက်များအား ပြန်လည်ဖော် ထုတ်နိုင်သည့်အချက်များအား ရောင်းချနိုင်မည်ဆိုခြင်းကို သုံးစွဲသူများအား အသိပေးရန် ပျက်ကွက်ခဲ့သည်။

          Avast သည် သုံးစွဲသူများ၏ ဝဘ်ရှာဖွေမှုများကို ခြေရာခံကြောင်း တိုင်ကြားချက်များ လက်ခံရရှိပြီးသည့်နောက်တွင် Mozilla သည် Avast ကုမ္ပဏီ၏ Browser Extension ၄ ခုဖြစ်သော Avast Online Security၊ Avast SafePrice၊ AVG Online Security နှင့် AVG SafePrice တို့ကို ၎င်း၏ Firefox Addon Repository မှဖယ်ရှားပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် Avast ကုမ္ပဏီ၏ ဒေတာစုဆောင်းမှုများအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

          Avast ၏ လုပ်ငန်းခွဲဖြစ်သော Jumpshot အနေဖြင့် သုံးစွဲသူများ၏ ဝဘ်ရှာဖွေမှုအချက်အလက်များအား FTC ၏ တိုင်ကြားချက်တွင်ပါဝင်သော သတင်းအချက်အလက်ရောင်းချသည့်ပွဲစားဖြစ်သူ Omnicom  အပါအဝင် အခြားသောအဖွဲ့များထံ ရောင်းချခြင်းအား ရောင်းချပြီး တစ်လအကြာတွင် Motherboard နှင့် PCMag တို့၏ ပူးတွဲစုံစမ်းမှုက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

          Avast သည် ဒေါ်လာ ၁၆.၅ သန်း ပေးဆောင်ရမည့်အပြင် လိုင်စင်ထုတ်ပေးခြင်း (သို့မဟုတ်) ကြော်ငြာကိစ္စအတွက် Avast အမှတ်တံဆိပ်ထုတ်ကုန်များအသုံးပြု၍ စုဆောင်းခဲ့သော မည်သည့် ဝဘ်ရှာဖွေမှုအချက်အလက်ကိုမဆို ရောင်းချခြင်းအား ပိတ်ပင်ခံရမည် ဖြစ်သည်။

          ကုမ္ပဏီအနေဖြင့် Avast မဟုတ်သောထုတ်ကုန်များမှလည်း ရရှိခဲ့သော ဝဘ်ရှာဖွေမှုအချက်အလက်များအား ရောင်းဝယ်ခြင်း သို့မဟုတ် လိုင်စင်ရယူခြင်းတို့ကို ဖောက်သည်များအားလုံး၏ သဘောတူညီချက် ရယူရမည်ဖြစ်သည်။ Jumpshot နှင့် မျှဝေခဲ့သည့် ဝဘ်ရှာဖွေမှုအချက်အလက်အားလုံးနှင့် Jumpshot မှ အဆိုပါအချက်အလက်များအား အသုံးပြုပြီး ဖန်တီးခဲ့သော မည်သည့်ထုတ်ကုန်မဆို၊ Algorithm ကိုမဆို ဖျက်ဆီးရေးအတွက် FTC အနေဖြင့် Avast အား ညွှန်ကြားရန် လိုအပ်မည်ဖြစ်သည်။

          ထို့ပြင် ကုမ္ပဏီအနေဖြင့် မသက်ဆိုင်သောအဖွဲ့အစည်းများသို့ ဝဘ်ရှာဖွေအချက်အလက်များအား ၎င်းတို့၏သဘောဆန္ဒမပါဘဲ ရောင်းချခြင်းခံခဲ့ရသည့် သုံးစွဲသူများထံ ကုမ္ပဏီအပေါ် FTC ၏အရေးယူဆောင်ရွက်ချက်ကို အကြောင်းကြားရမည်ဖြစ်သည်။

          Avast အနေဖြင့် ၎င်း၏ထုတ်ကုန်များသည် သုံးစွဲသူများအား ၎င်းတို့၏ဝဘ်ရှာဖွေမှုအချက်အလက်များနှင့်ပတ်သက်သော ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကာကွယ်မည်ဟု ကတိပြုထားသော်လည်း ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ Avast ၏ (အလွဲကတိများဖြင့်)လှည့်စားထားသည့် စောင့်ကြည့်ရေးဗျူဟာသည် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကျိုးပေါက်စေကာ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း FTC မှ စားသုံးသူကာကွယ်ရေးဗျူရို၏ အကြီးအကဲဖြစ်သူ Samuel Levine မှ ပြောကြားခဲ့သည်။

          ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် ပိတ်သိမ်းခဲ့သော Jumpshot လုပ်ငန်းခွဲနှင့် မျှဝေခဲ့သည့်အချက်အလက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအား ဖြေရှင်းရန် ကုမ္ပဏီအနေဖြင့် FTC နှင့် ပြေလည်မှုရရှိထားကြောင်း Avast ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက BleepingComputer သို့ ပြောကြားခဲ့သည်။

          လူများ၏ ဒစ်ဂျစ်တယ်ဘဝအား မြှင့်တင်ရန်နှင့် ကာကွယ်ရန် မိမိတို့၏ တာဝန်အဖြစ် ခံယူထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

          FTC ၏ စွပ်စွဲချက်နှင့် အဖြစ်မှန်များကို ပုံဖော်ခြင်းအား မိမိတို့အနေဖြင့် သဘောမတူသော်လည်း ဤကိစ္စကိုဖြေရှင်းရန် ကျေနပ်မိပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများကို ဆက်လက်ဝန်ဆောင်မှုပေးရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

          “Sergiu Gatlan” ၏ “FTC to ban Avast from selling browsing data for advertising purposes” ကို “ဇင်မိုးခိုင်” ဘာသာပြန်ဆိုသည်။