Skip to main content
x

FBI သည် ransomware ငွေပေးချေမှုများအတွက် ငွေကြေးခဝါချမှုပြုလုပ်ခဲ့သည် ခရစ်တိုအိတ်ချိန်း ၉ ခုအား ဖမ်းဆီးခဲ့

          FBI နှင့် ယူကရိန်းရဲတပ်ဖွဲ့တို့သည် ransomware တိုက်ခိုက်သူများအပါအဝင် ငွေကြေးလိမ်လည်သူများနှင့် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများအား ငွေကြေးခဝါချမှုပြုလုပ်နိုင်ရန် ထောက်ပံ့ခဲ့သော ခရစ်တိုငွေကြေးအိတ်ချိန်း Website ၉ ခုကို သိမ်းဆည်းခဲ့သည်။

          ၎င်း၏ကြေညာချက်တွင် စစ်ဆင်ရေးကို Virtual ငွေကြေးတုံ့ပြန်ရေးအဖွဲ့၊ ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့နှင့် နိုင်ငံတွင်းရှိ ဥပဒေရေးရာအစိုးရရှေ့နေများ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း FBI က ပြောဆိုထားသည်။

          ဤစစ်ဆင်ရေးတွင် သိမ်းဆည်းခဲ့သော Website ၉ ခုနှင့် ၎င်းတို့ချိတ်ဆက်သော ဆာဗာများမှာ

  • 24xbtc.com
  • 100btc.pro
  • pridechange.com
  • 101crypta.com
  • uxbtc.com
  • trust-exchange.org
  • bitcoin24.exchange
  • paybtc.pro
  • owl.gold တို့ ဖြစ်ပါသည်။

          ယနေ့တွင် ဤဒိုမိန်းများထဲမှ ဒိုမိန်းတစ်ခုခုကို ဝင်ကြည့်ပါက ရုရှားနှင့် အင်္ဂလိပ်စာသား တစ်လှည့်စီပြသနေသော သိမ်းဆည်းထားကြောင်း နဖူးစည်းစာတန်းကို အောက်ပါအတိုင်း ပြသပါသည်။

Seizure notice on '100btc.pro'

          သိမ်းဆည်းရမိသော Website များသည် ၎င်းတို့ Website သုံးစွဲသူများအတွက် ငွေကြေးလမ်းကြောင်းကို လုံခြုံစိတ်ချမှုရှိစေရန် ခရစ်တိုငွေကြေးများအား ခြေရာခံရခက်သည့်ကွိုင်များအဖြစ် လျှို့ဝှက်ပြောင်းလဲခြင်းနှင့် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများအား ၎င်းတို့ခိုးယူထားသည်များကို တရားဥပဒေစိုးမိုးရေးမှ ခြေရာခံနိုင်ခြင်းမရှိစေဘဲ ငွေကြေးခဝါချနိုင်ရန် ကူညီပေးခြင်းတို့ကို ဆောင်ရွက်သည်။

          ဤပလက်ဖောင်းအများစုသည် သုံးစွဲသူများကို ရုရှားနှင့် အင်္ဂလိပ်ဘာသာစကားသုံး၍ တိုက်ရိုက်အထောက်အကူနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူအသိုက်အဝန်းအပေါ် ကျယ်ပြန့်စွာ လွှမ်းခြုံထားသည်။

          “လျော့ရဲသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအစီအစဉ်ရှိသော (သို့မဟုတ်) သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်ကို အနည်းငယ်သာစုဆောင်းသော (သို့မဟုတ်) လုံးဝဆောင်ရွက်မှုမရှိသော စည်းကမ်းလိုက်နာမှုမရှိသော Virtual ငွေကြေးအိတ်ချိန်းများသည် ဆိုက်ဘာရာဇဝတ်မှုဂေဟစနစ်တွင် အရေးကြီးသောဗဟိုချက်အဖြစ် ဆောင်ရွက်ကာ အမေရိကန်ပြည်ထောင်စုဥပဒေ၊ အခန်း(၁၈)၊ ပုဒ်မ ၁၉၆၀ နှင့် ၁၉၅၆ တို့ကို ချိုးဖောက်​နေကြောင်း” FB ၏ ကြေညာချက်တွင် ဖတ်ရှုရသည်။

          “ဤဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်းဖြင့် Virtual ငွေကြေးအိတ်ချိန်းများသည် ၎င်းတို့၏ဖောက်သည်များ၏ ရာဇဝတ်မှုဆိုင်ရာအပြုအမူများကို သိရက်ဖြင့် ထောက်ပံ့ကြကာ ရာဇဝတ်မှုကိစ္စရပ်များတွင် ပူးပေါင်းကြံစည်သူများ ဖြစ်လာသည်။”

          Website ဆာဗာများသည် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံများစွာတွင် တည်ရှိကြပြီး တရားဥပဒေစိုးမိုးရေးစစ်ဆင်ရေးကာလအတွင်း သိမ်းဆည်းခံရခြင်းဖြစ်သည်။

          Website များမှတစ်ဆင့် ငွေကြေးခဝါချခဲ့သော ဆိုက်ဘာရာဝဇတ်မှုကျူးလွန်သူများ၏ မျက်နှာဖုံးကို ခွာချရန်အတွက် သိမ်းဆည်းထားသောအခြေခံအဆောက်ဦများကို တရားဥပဒေစိုးမိုးရေးအဖွဲ့များမှ စိစစ်နိုင်ပြီး အနာဂတ်တွင် ပိုမိုဖမ်းဆီးမှုများ ရှိနိုင်ပါသည်။

          ခရစ်တိုငွေကြေးခဝါချမှုကွန်ရက်ကို နှိမ်နှင်းဖြိုခွဲခြင်းသည် အလွန်ပင်အရေးပါသည်။ အဆိုပါပလက်ဖောင်းများသည် ဟက်ကာများအား ၎င်းတို့၏ခြိမ်းခြောက်ငွေညှစ်ခြင်းများကို မလျော့ကျစေဘဲ ဆက်လက်လုပ်ကိုင်စေရန်နှင့် ခိုးယူထားသောငွေများကို ပြင်ပလောကတွင် အသုံးပြုနိုင်စေရန် ခွင့်ပြုသောကြောင့်ဖြစ်သည်။

          ဤဝန်ဆောင်မှုများကို ဖျက်သိမ်းခြင်းဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များသည် ransomware အုပ်စုများ၏ ငွေကြေးလည်ပတ်မှုကို ဟန့်တားရုံမက အဆိုပါပလက်ဖောင်းလုပ်ကိုင်ဆောင်ရွက်သူများထံသို့ပါ တရားမဝင်/မရိုးဖြောင့်သော လှုပ်ရှားမှုများကို သည်းခံလိမ့်မည်မဟုတ်ကြောင်း ပြင်းထန်သော သတင်းစကားကိုပါ ပေးပို့ပါသည်။

          ၂၀၂၃ ခုနှစ်၊ မတ်လတွင် FBI သည် ဥရောပရဲတပ်ဖွဲ့နှင့် ဂျာမန်ရဲတပ်ဖွဲ့တို့နှင့်အတူ ဟက်ကာများ၊ ransomware ဂိုဏ်းများနှင့် ငွေကြေးလိမ်လည်သူများက ၎င်းတို့၏ ဝင်ငွေများကို ငွေကြေးခဝါချရန်အသုံးပြုခဲ့သာ “ChipMixer” အမည်ရှိ ခရစ်တိုငွေကြေးဝန်ဆောင်မှုကို ဖမ်းဆီးသိမ်းယူလိုက်ပါသည်။

          များမကြာသေးမီ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် အမေရိကန်ငွေတိုက်ဌာန၊ နိုင်ငံခြားငွေပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) သည် မြောက်ကိုရီးယား၏ ခရစ်တိုငွေကြေးခဝါချမှုကွန်ရက်အား ပံ့ပိုးကူညီခဲ့သော ပွဲစားများကို ဒဏ်ခတ်အရေးယူခဲ့ပါသည်။

          နောက်ဆုံးတွင် ယခုနှစ်အစ၌ ဟောင်ကောင်တွင်မှတ်ပုံတင်ထားသော ခရစ်တိုငွေကြေးအိတ်ချိန်း Bizlato ကို တည်ထောင်သူအား ဆိုက်ဘာရာဇဝတ်ကျူးလွန်သူများ တရားမဝင်ရရှိသော ငွေကြေးများအား ငွေကြေးခဝါချရာတွင် ကူညီပေးသည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်တရားရေးဌာနက ဖမ်းဆီးခဲ့ပါသည်။

          Bill Toulas ၏ “FBI seizes 9 crypto exchanges used to launder ransomware payments” ကို မြတ်သဇင်မွန် ဘာသာပြန်ဆိုပါသည်။