Myanmar Cyber Security Challenge (MCSC) CTF Platform တွင် Challenge များကို ဝင်ရောက်ဖြေဆိုလေ့ကျင့်နိုင်ကြောင်း အသိပေးကြေညာခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာအသိပညာ ပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်၍ Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး ဆုရရှိသူများကို နိုင်ငံတကာတွင် ကျင်းပလျက်ရှိသော ဆိုက်ဘာလုံခြုံရေး ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိပါသည်။
၂။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော Myanmar Cyber Security Challenge 2019 (တက္ကသိုလ်အဆင့်ပြိုင်ပွဲ)ကို (၂၆-၁-၂၀၁၉)ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌လည်းကောင်း၊ Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်ပြိုင်ပွဲ)ကို (၁၁-၈-၂၀၁၉) ရက်နေ့တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင်လည်းကောင်း ကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ COVID-19 ကပ်ရောဂါအခြေအနေကြောင့် ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိပါ။
၃။ ယခုနှစ်တွင် Myanmar Cyber Security Challenge ပြိုင်ပွဲကို ကျင်းပနိုင်ခြင်းမရှိ သောကြောင့် ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားသူ လူငယ်လူရွယ်များအနေဖြင့် အွန်လိုင်း မှတဆင့် ယခင်နှစ်မေးခွန်းဟောင်းများနှင့် Challenge အသစ်များကို ပြိုင်ပွဲအသွင် ဖြေဆို လေ့ကျင့်နိုင်ရေးအတွက် Capture The Flag (CTF) Online Platform ကို အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနတွင် တည်ဆောက်ခဲ့ပြီးဖြစ်ရာ မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
၄။ Online Platform တွင် Industiral Control System၊ Web၊ Forensics၊ Web၊ Stegano၊ Crypto၊ Reverse Engineering၊ Pwn (Binary Exploit) နှင့် Misc ဆိုင်ရာ မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပြီး Myanmar Cyber Security Challenge ပြိုင်ပွဲတွင်မေးမြန်းထားသော မေးခွန်းဟောင်းများအပြင် နိုင်ငံတကာအဆင့် ဆိုက်ဘာလေ့ကျင့်ခန်းများတွင် မေးမြန်းထားသော Challenge များကိုပါ ထည့်သွင်းထားသည့်အတွက် ဖြေဆိုလေ့ကျင့်သူများအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများကို မည်သို့တုံ့ပြန်ဖြေရှင်းနိုင်မည်ဆိုသည့် အတွေ့အကြုံကောင်းများကို ရရှိစေမည်ဖြစ်ပါသည်။ အချို့သောမေးခွန်းများကို အကြိမ်ကန့်သတ်ချက်ဖြင့်သာ ဖြေဆိုရမည်ဖြစ်သောကြောင့် အကောင့်များစွာဖြင့် ဝင်ရောက်ဖြေဆိုခြင်းအား ကန့်သတ်နိုင်ရန်အတွက် ကိုယ်တိုင် Registration ပြုလုပ်ခြင်းအား ပိတ်ပင်ထားရှိပါသည်။
၅။ သို့ဖြစ်ပါ၍ Myanmar Cyber Security Challenge Online Platform တွင် ဝင်ရောက်ဖြေဆိုလေ့ကျင့်လိုသူများသည် မိမိတို့ဝင်ရောက်ဖြေဆိုမည့် User Name နှင့် E-mail တို့ကို အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ Email ဖြစ်သော ctf@ncsc.gov.mm ထံသို့ စာရင်းပေးသွင်း၍ ဝင်ရောက်ဖြေဆိုနိုင်ပါကြောင်းနှင့် CTF Platform အတွက် မေးခွန်းများပေးပို့လိုသော ပညာရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် ဖန်တီးထားသော မေးခွန်းများကို “မေးခွန်းအမည်၊ အကြောင်းအရာ၊ အဖြေ၊ ပေးမှတ်” တို့ကို ရေးသားဖော်ပြ၍ ctf@ncsc.gov.mm ထံသို့ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
