Skip to main content
x

ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် (၄)ကြိမ်မြောက် Cyber SEA Game တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအသင်း ထွက်ခွာ

          ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ(၂၁)ရက်နေ့၌ ကျင်းပပြုလုပ်မည့် (၄)ကြိမ်မြောက် Cyber SEA Game ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် ယနေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြပါသည်။

          Cyber SEA Game 2019 ပြိုင်ပွဲကို အာဆီယံနိုင်ငံများမှ လက်ရွေးစင်အသင်း (၁၀)သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နံနက်(၁၀)နာရီမှ ညနေ(၆)နာရီထိ (၈)နာရီကြာ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ပြိုင်ပွဲပုံစံမှာ Jeopardy CTF ပုံစံဖြစ်ပြီး ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော အချိန်အတွင်း ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သော Binary Exploitation၊ Web Security၊ Reverse Engineering၊ Cryptography နှင့် Forensics ကဏ္ဍများကို ဖြေဆိုရမည်ဖြစ်ပါသည်။

          မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) ပြိုင်ပွဲ၌ ဆုရရှိခဲ့ကြသူများဖြစ်ကြသည့် မောင်စိုင်းဖုန်းဆိုင်ကျောက်၊ မောင်အောင်ခန့်မင်း၊ မောင်သူရမိုးမြင့်နှင့် မောင်ဟိန်းသန့်ဇင်တို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

          မြန်မာအသင်းသည် ‌၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံများမှ ပြိုင်ပွဲဝင်အသင်း (၃၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် Singapore Cyber Conquest ပြိုင်ပွဲတွင် အဆင့်(၅) ရရှိခဲ့ပြီး နိုင်ငံအလိုက်အနေဖြင့် အဆင့်(၂)ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။