Skip to main content
x

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2019) ပြိုင်ပွဲကျင်းပ

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင် သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ စုပေါင်းခန်းမ၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2019) သို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

1
          အဆိုပါ ပြိုင်ပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စပွန်ဆာပံ့ပိုးကူညီသူများ၊ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်များ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ တက္ကသိုလ်၊ ကောလိပ်များမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၂၀)သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။

          ပြိုင်ပွဲတွင် ပထမဆုကို Team 0xpwn မှလည်းကောင်း၊ ဒုတိယဆုကို Team Hera မှလည်းကောင်း၊ တတိယဆုကို W.A.B (MGY) မှလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး ပထမဆု အဖြစ် (၁၅)သိန်းကျပ်နှင့် Corei5 Laptop ကွန်ပျူတာ (၁)လုံး၊ ဒုတိယဆုအဖြစ် (၁၀)သိန်းကျပ်နှင့် စမတ်ဖုန်း(၁)လုံး၊ တတိယဆုအဖြစ် (၇)သိန်းကျပ်နှင့် တက်ဘလက် (၁)လုံးတို့ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။