Skip to main content
x

ပထမအကြိမ် Incident Handling - Intrusion Detection သင်တန်းဖွင့်ပွဲ ကျင်းပ

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပထမအကြိမ် Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲကို မေလ ၁၆ ရက်နေ့ ယနေ့​နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း (၂၅)ခုမှ သင်တန်းသားစုစုပေါင်း (၂၇)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

          ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းမှ အမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အဦ (Critical Information Infrastructure)များကို ပစ်မှတ်ထားသော ဆိုက်ဘာတိုက်ခိုက်မှုများ  တစ်နေ့ထက်  တစ်နေ့ ပိုမိုများပြားလာပါကြောင်း၊ ဤတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် နည်းပညာမြင့် စက်ပစ္စည်းများ ရှိရုံဖြင့် မလုံလောက်တော့ဘဲ နည်းပညာမြင့် စက်ပစ္စည်းများတင်သာမက လူများ၏ဆိုက်ဘာလုံခြုံရေး အသိအမြင်ကြွယ်ဝမှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုကို ကာကွယ်လျှော့ချနိုင်မည့် လုပ်ငန်းစဉ်များ ပေါင်းစပ်ထားသော “People၊ Process၊ Technology” ပြည့်စုံဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍  ခေတ္တညွှန်ကြားရေးမှူးချုပ်က ဆိုက်ဘာတိုက်ခိုက်မှုခံရလျှင် မည်သို့ တုံ့ပြန်ရမည်ဆိုသည့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ Tool များ အသုံးပြုပြီး တိုက်ခိုက်မှုများကို မည်သို့လက်တွေ့ ဖြေရှင်းဆောင်ရွက်ရမည်  ဆိုသည်ကို စာတွေ့လက်တွေ့သိရှိစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် Financial Sector တစ်ခု၌ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်ကို အခြေခံဖန်တီးထားသော Hands-on Exercise သင်ခန်းစာများဖြင့်  သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          Incident Handling – Intrusion Detection သင်တန်းကာလမှာ ၁၆-၅-၂၀၂၂ ရက်နေ့မှ ၂၀-၅-၂၀၂၂ ရက်နေ့အထိဖြစ်ပြီး e-Learning Center I စာသင်ခန်းမတွင် ဖွင့်လှစ်သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။