Skip to main content
x

𝗙𝗜𝗥𝗦𝗧 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝟮𝟬𝟮𝟬 ပြိုင်ပွဲတွင် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနကိုယ်စားပြု "𝗠𝗠_𝗖𝘆𝗯𝗲𝗿𝗦𝗲𝗰" အသင်းက အဆင့်(၁၂)ရရှိ

​           𝗙𝗼𝗿𝘂𝗺 𝗼𝗳 𝗜𝗻𝗰𝗶𝗱𝗲𝗻𝘁 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗲 𝗮𝗻𝗱 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗧𝗲𝗮𝗺𝘀 (𝗙𝗜𝗥𝗦𝗧) နှင့် 𝐔.𝐒. 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐨𝐟 𝐇𝐨𝐦𝐞𝐥𝐚𝐧𝐝 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲’𝐬 (𝐃𝐇𝐒) 𝐂𝐲𝐛𝐞𝐫𝐬𝐞𝐜𝐮𝐫𝐢𝐭𝐲 & 𝐈𝐧𝐟𝐫𝐚𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐀𝐠𝐞𝐧𝐜𝐲 (𝐂𝐈𝐒𝐀) တို့က ကြီးမှူးကျင်းပသည့် “𝗙𝗜𝗥𝗦𝗧 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝟮𝟬𝟮𝟬” ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၃) ရက်နေ့ မြန်မာစံတော်ချိန် ည(၇)နာရီခွဲမှ ဇွန်လ(၂၆)ရက်နေ့ နံနက် (၃)နာရီခွဲထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့ရာ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ကိုယ်စားပြု “𝗠𝗠_𝗖𝘆𝗯𝗲𝗿𝗦𝗲𝗰” အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် အဆင့်(၁၂) ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

FIRST ၏ သမိုင်းကြောင်း

          ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် “Internet Worm” ဟုခေါ်သော ကွန်ပျူတာလုံခြုံရေးဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ကွန်ပျူတာတိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် Carnegie Mellon University က Computer Emergecy Response Team (CERT) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ များမကြာမီတွင် United States Department of Energy ကလည်း Computer Incident Advisory Capability (CIAC) ကိုဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ဖွဲ့စည်းပြီး နှစ်နှစ်အကြာတွင် နိုင်ငံတကာမှလည်း CERT များကို ဖွဲ့စည်းလာကြရာ ထိုအဖွဲ့အစည်းများကြားတွင် သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်၊ စံသတ်မှတ်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုရှိစေရန်အတွက် ကမ္ဘာလုံးဆိုင်ရာဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းဖြစ်သော Forum of Incident Response and Security Teams (FIRST) ကို ၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံတကာမှ CERT/CSIRT အဖွဲ့အစည်းပေါင်း (၅၃၁)ခုသည် FIRST ၏ အဖွဲ့ဝင်များ ဖြစ်လာကြပါသည်။

FIRST CTF Challenge

          FIRST သည် ၂၀၁၂ ခုနှစ်မှစတင်၍ Capture The Flag (CTF) ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ကွာလာလမ်ပူတွင် ပြုလုပ်သော 30th Annual FIRST Conference တွင် CTF ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ကာ မြန်မာနိုင်ငံအား ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ပါသည်။ ယခုနှစ်တွင်ကျင်းပသော “𝗙𝗜𝗥𝗦𝗧 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝟮𝟬𝟮𝟬” ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် FIRST မှဖိတ်ကြားလာခဲ့ရာ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဦးမျိုးမြင့်ထိုက်၊ ဦးပြည့်စုံလှိုင်၊ ဒေါ်ခင်မဉ္ဇူနှင့် ဒေါ်ရွှေဝတ်ရည်တို့က “𝗠𝗠_𝗖𝘆𝗯𝗲𝗿𝗦𝗲𝗰” အသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲကို နိုင်ငံတကာမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၂၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Industrial Control System (ICS)၊ Reverse Engineering၊ Network၊ Cryptography၊ Forensics၊ Threat Intelligence ဆိုင်ရာမေးခွန်းများနှင့် အထွေထွေမေးခွန်းများ စုစုပေါင်းမေးခွန်း (၃၆)ခု မေးမြန်းခဲ့ပြီး “𝗠𝗠_𝗖𝘆𝗯𝗲𝗿𝗦𝗲𝗰” အနေဖြင့် မေးခွန်းပေါင်း (၃၄)ခုကို ဖြေဆိုနိုင်ခဲ့ပါသည်။

          ပြိုင်ပွဲအပြီးတွင် ပထမဆုကို ၅၅၀၀ မှတ်ဖြင့် ဟန်ဂေရီနိုင်ငံမှ Last 4 of Us အသင်းမှလည်းကောင်း၊ ဒုတိယနေရာကို ၅၅၀၀ မှတ်ဖြင့် နယ်သာလန်နိုင်ငံမှ Trojans အသင်းကလည်းကောင်း၊ တတိယနေရာကို ၅၅၀၀ မှတ်ဖြင့်ပင် တူရကီနိုင်ငံမှ Kamikaze အသင်းကလည်းကောင်း ရရှိခဲ့ကြကြောင်းသိရှိရပါသည်။

          အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနကိုယ်စားပြု “𝗠𝗠_𝗖𝘆𝗯𝗲𝗿𝗦𝗲𝗰” အသင်းအနေဖြင့် ၅၁၅၀ မှတ်ဖြင့် အမှတ်အရ စတုတ္ထအဆင့်ဖြစ်ပြီး အသင်းလိုက် အဆင့်(၁၂)တွင် ရပ်တည်ခဲ့သည်ကို တွေ့ရှိရပါသည်။

          ထိုသို့ နိုင်ငံတကာဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံကောင်းများကို ရရှိစေပြီး ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လက်တွေ့အသုံးချနိုင်ကြောင်း၊ ပြည်တွင်းဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများအတွက်လည်း အထောက်အကူရရှိပြီး အတွေ့အကြုံများကောင်းကို မျှဝေပေးနိုင်ကြောင်းနှင့် ယခုပြိုင်ပွဲတွင် Industrial Control System (ICS) နှင့်ပတ်သက်သော ဆိုက်ဘာတိုက်ခိုက်ခံရမှုမေးခွန်းများကိုပါ ဖြေဆိုရသဖြင့် မြန်မာနိုင်ငံအတွက် Industry 4.0 တွင် တွေ့ကြုံလာရနိုင်သည့် ဆိုက်ဘာလုံခြုံရေး အတွေ့အကြုံကောင်းတစ်ခု ရရှိစေကြောင်း သိရှိရပါသည်။

https://mmcert.org.mm/sites/default/files/inline-images/Snap10.png

ပုံ(၁)။ ဆုရရှိမှုအခြေအနေ

https://mmcert.org.mm/sites/default/files/inline-images/Snap11_0.png

ပုံ(၂)။ တစ်ဦးချင်းအမှတ်ရရှိမှု အခြေအနေ

https://mmcert.org.mm/sites/default/files/inline-images/Snap12.png

ပုံ(၃)။ မေးခွန်းများအလိုက် ဖြေဆိုနိုင်မှု အခြေအနေ

​