အဓိကအကြောင်းအရာသို့ သွားမည်
x

ဆိုက်ဘာတိုက်ခိုက်မှုများအကြောင်း နားလည်စေရန် အသုံးဝင်သော ဆိုက်ဘာလုံခြုံရေး ၅၁ ချက် အပိုင်း(၂)

          S. R. Tabone နှင့် Ahmed Arifur Rahman တို့ရေးသားသည့် "Cyber Security 51 Handy Things To Know About Cyber Attacks" ကို Htet Aung က မြန်မာဘာသာသို့ ပြန်ဆိုပါသည်။

၁၁။ ဆိုက်ဘာတိုက်ခိုက်မှုအမျိုးမျိုးနှင့် ၎င်းတို့ကို စတင်ရန် နည်းလမ်းများ

          ဆိုက်ဘာတိုက်ခိုက်မှုများကို Syntactic တိုက်ခိုက်မှုနှင့် Sematic တိုက်ခိုက်မှုဟူ၍ ခွဲခြားနိုင်ပါသည်။

          ဥပမာ - ဗိုင်းရပ်စ်၊ Worm နှင့် ထရိုဂျန်များကဲ့သို့ အဖျက်အမှောက်ဆော့ဖ်ဝဲလ်များ အသုံးပြု၍ တိုက်ခိုက်ခြင်းကို Syntactic တိုက်ခိုက်မှုဟု သိနိုင်ပါသည်။ ဗိုင်းရပ်စ်များက ကိုယ့်ကိုယ်ကို ပွားယူနိုင်ပြီး ၎င်းတို့၏ကုဒ်များကို စတင်အလုပ်လုပ်စေရန် မည်သည့်ဖိုင်များကိုမဆို ကူးစက်နိုင်ပါသည်။ Worm များကမူ အခြားဖိုင်များကို မကူးစက်ဘဲ ကိုယ့်ကိုယ်ကို ထိန်းကြောင်းရပ်တည်နိုင်ပြီး ကွန်ရက်အတွင်းသို့ မိမိကိုယ်ကို ပွားယူပျံ့နှံ့နိုင်ပါသည်။ ထို့ပြင် ထိုကဲ့သို့ ဆော့ဖ်ဝဲလ်များက ၎င်းတို့လုပ်ငန်း ပြီးမြောက်စေရန် စနစ်တစ်ခု၏ ထင်ရှားသော အားနည်းချက်များကို တိုက်ခိုက်ကြပြီး အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ထရိုဂျန်များက ပစ်မှတ်၏ အချက်အလက်များ ပိုမိုရယူပေးကြပါသည်။
Semantic တိုက်ခိုက်မှုဆိုသည်မှာ တိုက်ခိုက်သူတစ်ဦးက သားကောင်အား လှည့်စားရန် ကွန်ရက်တစ်ခု (သို့မဟုတ်) စက်ပစ္စည်းတစ်ခုခုကို အသုံးချခြင်း ဖြစ်ပါသည်။ အသုံးပြုသူများကို လျှို့ဝှက်ချက်များအား ကိုယ်တိုင်ဖော်ထုတ်စေရန် လှည့်စားတိုက်ခိုက်ခြင်းဖြစ်ပြီး လွန်စွာပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပါသည်။ စတော့ခ်များကို ဈေးပေါပေါဖြင့် ရောင်းထုတ်စေရန်၊ စတော့ခ်ဈေးနှုန်းများအား ဟန်ဆောင်ဖောင်းပွမှု ဖြစ်စေခြင်းကဲ့သို့ "Pump and Dump" လိမ်လည်တိုက်ခိုက်မှုများနှင့် အချက်အလက်ကောင်းများ ရယူရန် အသုံးပြုသော Phishing တိုက်ခိုက်မှုများက Semantic အား သဘောပေါက်စေရန် အကောင်းဆုံးဥပမာများ ဖြစ်ပါသည်။

၁၂။ အန္တရာယ်ကင်းစွာရှိနိုင်ရေးအတွက် သတိပြုရှောင်ရှားရန် ဆိုက်ဘာပြစ်မှုပုံစံများ

တန်ဖိုးကြီး ဝန်ဆောင်မှုများအား အလွဲသုံးစားလုပ်သူ ပရိုဂရမ်များ။

          အကြောင်းမရှိ ကုန်ကျနေသော မိုဘိုင်းဖုန်းဘေလ်ကုန်ကျမှုများသည် မိုဘိုင်းဖုန်း အဖျက်အမှောက် ပရိုဂရမ်များကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းမိုဘိုင်းဖုန်း App များက တန်ဖိုးကြီးဝန်ဆောင်မှုများကို အလိုအလျောက်ဝန်ဆောင်မှု မှာယူခြင်းများ (သို့မဟုတ်) တန်ဖိုးကြီး ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းကို ခိုးကြောင်ခိုးဝှက် ပြုလုပ်ကြပါသည်။ ထိုသို့ဖြစ်ခြင်းများကို ရှောင်ရှားနိုင်ရန်၊ မိုဘိုင်းဖုန်း App များကို Download မလုပ်ခင် ဦးစွာ အချိန်ပေးလေ့လာသင့်ပါသည်။

တစ်ခုခုအား Download လုပ်စေချင်သောကြောင့် စစ်တမ်းများဖြည့်ပေးရန် တွန်းအားပေးခြင်း။

          ရိုက်စား စစ်တမ်းများ၊ ကြိုသုံးကဒ် အချက်အလက်များ၊ နာမည်၊ အသက်စသော တောင်းခံခြင်းများကဲ့သို့ အချက်အလက်များ စုစည်းရယူခြင်း စသည်တို့ကဲ့သို့ ဖြစ်ပါသည်။ ထိုကဲ့သို့ တိုက်ခိုက်ခြင်းများအား ရှောင်ရှားနိုင်ရန်၊ ဆော့ဖ်ဝဲလ်တစ်ခုခု Download ရယူရန် Google Search မှတဆင့်သွားခြင်းထက် စိတ်ချရသော ဝက်ဘ်ဆိုက်သို့ တိုက်ရိုက်သွားရောက် Download ရယူခြင်းများ ပြုလုပ်သင့်ပါသည်။

အရန် ဘက်ထရီ အချိန်တိုလွန်းခြင်း။

          အကယ်၍ စမတ်ဖုန်း အသုံးပြုသူတစ်ယောက်က ၎င်း၏ အရန်ဘက်ထရီအချိန်သည် ပုံမှန်မဟုတ်ဘဲ တိုလွန်းခြင်းတစ်ခုခုကို သတိပြုမိလျှင် ဘက်ထရီသုံးလွန်းသော APP များအား ရှာဖွေထုတ်ပစ်ပြီး အခြေအနေ ထူး၊ မထူးကို စမ်းစစ်ကြည့်သင့်ပါသည်။ အကယ်၍ ဘက်ထရီအချိန် တိုးလာလျှင် အဖျက်အမှောက် ပရိုဂရမ်တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိသည်ဟု ယူဆနိုင်ပါသည်။

၁၃။ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားခါနီး ရှေ့ပြေးလက္ခဏာများ

          ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု၏ ရှေ့ပြေးလက္ခဏာအများစုသည် ပထမပိုင်းတွင် အန္တရာယ်မရှိပုံရပြီး စက်ပစ္စည်းများ ခေတ်နောက်ကျနေခြင်း သို့မဟုတ် အခြေခံအစိတ်အပိုင်းတစ်ခုခု ဖြစ်ခြင်းကဲ့သို့ ထင်ရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အောက်တွင် ဖော်ပြထားသော အချက်ပြခြင်းများအား သတိပြုမိလျှင် တိုက်ခိုက်ခြင်းအား အချိန်မီ တားဆီးနိုင်ပါလိမ့်မည်။

အင်တာနက် နှေးကွေးသွားခြင်း။

          အင်တာနက်ချိတ်ဆက်မှု နှေးကွေးသွားခြင်းသည်လည်း ဆိုက်ဘာတိုက်ခိုက်ခြင်း လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ ဝန်ဆောင်မှုများ ရပ်တန့်သွားစေရန် တိုက်ခိုက်ခြင်း (DOS) နှင့် ဝန်ဆောင်မှုများ ရပ်တန့်သွားစေရန် ဖြန့်ကျက်တိုက်ခိုက်ခြင်း (DDOS) တိုက်ခိုက်မှုများက ထိုကဲ့သို့ အင်တာနက်ချိတ်ဆက်မှု နှေးကွေးသွားခြင်းများ ဖြစ်စေနိုင်ပါသည်။

Anti Virus အသိပေးစာတုများ။

          ပုံမှန်ကာကွယ်ထားခြင်း မရှိသော ကွန်ပျူတာများတွင် ထိုသို့ သတိပေးစာတုများ ဖြစ်ပေါ်နိုင်ပြီး ၎င်းစာများက အသုံးပြုသူကို Antivirus ပရိုဂရမ်ဟု ထင်ရသော ပရိုဂရမ်တစ်ခုခုကို Install လုပ်ခိုင်းပါလိမ့်မည်။

မလိုအပ်သော Browser Toolbar များပေါ်ခြင်း။

          အကယ်၍ အသုံးပြုသူသည် Install မလုပ်ထားသော Browser toolbar တစ်ခုခုအား သတိပြုမိပြီဆိုလျှင် Browsing လုပ်နေချိန်တွင် ၎င်းကို အခြားဝက်ဘ်ဆိုက် တစ်ခုခုဆီသို့ ခေါ်သွားလား၊ မခေါ်သွားလား ဆိုသည်ကို သတိပြုစစ်ဆေးသင့်ပေသည်။ အကယ်၍ အခြားဝက်ဘ်ဆိုက်တစ်ခုခုဆီသို့ ခေါ်သွားသည်ဆိုလျှင် ဆိုက်ဘာတိုက်ခိုက်ခံရခြင်း ဖြစ်နိုင်ပါသည်။

၁၄။ စနစ်တစ်ခု သိမ်းပိုက်ခံလိုက်ရသည်ဆိုသည်အား သေချာစေသော လက္ခဏာများ

ပုံမှန်မဟုတ်သော ဝက်ဘ်ကင်မရာ လုပ်ဆောင်မှုများ။

          အကယ်၍ အသုံးပြုသူ၏ ကွန်ပျူတာ ဝက်ဘ်ကင်မရာ၏မီးသည် အလိုအလျောက် ပိတ်/ဖွင့် လုပ်နေလျှင် ပေါ်ပြူလာဖြစ်သော အဖျက်အမှောက် ပရိုဂရမ်တစ်ခုဖြစ်သည့် အဝေးမှထိန်းချုပ်ခြင်းပရိုဂရမ် (RAT) ကူးစက်မှု ခံနေရခြင်း ဖြစ်နိုင်ပါသည်။

ပရိုဂရမ်သစ်တစ်ခု ရုတ်တရက် ပေါ်လာခြင်း။

          အကယ်၍ အမျိုးအမည်မသိပရိုဂရမ်တစ်ခုသည် အသုံးပြုသူ၏ ကွန်ပျူတာပေါ်တွင် မကြာမကြာပေါ်လာခဲ့လျှင်လည်း ဆိုက်ဘာတိုက်ခိုက်မှု ခံနေရခြင်း ဖြစ်ရန်များပါသည်။

Utility ဆော့ဖ်ဝဲလ်များ မှားယွင်းစွာ အလုပ်လုပ်နေခြင်း။

          အကယ်၍ Antivirus ပရိုဂရမ်တစ်ခု၊ Task Manager နှင့် Registry Editor များကို ပိတ်ထားခံရပြီး ပြန်ဖွင့်၍ မရခဲ့လျှင် ၎င်းကွန်ပျူတာသည်လည်း တိုက်ခိုက်ခြင်း ခံထားရပြီးပြီဖြစ်ပါသည်။

၁၅။ အသုံးပြုသူ၏ကွန်ပျူတာသို့ ဝင်ရောက်နိုင်ရန် ဟက်ကာများ အသုံးပြုသည့် လွယ်ကူသော နည်းလမ်းများ

အခမဲ့ ဆော့ဖ်ဝဲလ် Download ရယူခြင်းများ။

          ဝယ်ယူရသည့် ဆော့ဖ်ဝဲလ်တစ်ခုခုကို အခမဲ့ရနိုင်ခြင်းသည် တရားမဝင်သည့်အပြင် မိမိကွန်ပျူတာ၏ လုံခြုံရေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထိုကဲ့သို့လုပ်ခြင်းများသည် အဖျက်အမှောက်ပရိုဂရမ်များ ဝင်ရောက်နိုင်ရန် တံခါးဖွင့်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မိမိလိုချင်သည့် ဆော့ဖ်ဝဲလ်သည် အပြည့်အဝ အခမဲ့ပေးမထားခဲ့လျှင် ကျူးကျော်ခြင်းမခံရစေရန် ဝယ်ယူအသုံးပြုခြင်းက ပို၍လုံခြုံပါလိမ့်မည်။

Cookie ခိုးယူမှုများ။

          Cookie များက Login အချက်အလက်များ၊ အသုံးပြုထားသည့် ရာဇဝင်များအား မှတ်သားထားပါသည်။ ပုံမှန်ဖြစ်စေ၊ ဝှက်ထားခြင်းဖြစ်စေ Cookie များကို ရိုးရှင်းလှသော Browser Add-on တစ်ခုခုသုံးပြီး အလွယ်တကူ ခိုးယူခံရနိုင်ပါသည်။ ဤပြဿနာအား ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ကောင်းမွန်စာ တည်ဆောက်ထားသော၊ စိတ်ချရသော ဝက်ဘ်ဆိုက်များကိုသာ ကြည့်ရှုရန်ဖြစ်ပါသည်။

အခမဲ့ပေးထားသော Wi-Fi များအား အသုံးပြုခြင်း။

          ဘဏ်ကိစ္စများ အသုံးပြုရန်၊ အွန်လိုင်းငွေလွှဲမှုများ အသုံးပြုရန်၊ လူမှုကွန်ရက်များ အသုံးပြုရန် စသည်တို့အွက် အခမဲ့ Wi-Fi များ အသုံးပြုခြင်းက အန္တရာယ်များလွန်းလှပါသည်။ Encrypt မလုပ်ထားသည့် အချက်အလက်များကို မည်သူမဆို Packet Sniffer ပရိုဂရမ်များ အသုံးပြု၍ ကြားဖြတ်ရယူနိုင်ပါသည်။ ထို့ကြောင့် အများသုံး Wi-Fi ကွန်ရက်ထဲတွင် အသုံးပြုခဲ့လျှင် Virtual Private Network (VPN) ဆက်သွယ်မှုကိုသာ အသုံးပြုရန် အကြံပြုပါသည်။

၁၆။ တိုက်ခိုက်မှု အများစုကို ဟန့်တားနိုင်ရန် ဝန်ပေါ့သော နည်းလမ်းများ

မတူညီသော ဝက်ဘ်ဆိုက်တိုင်းအတွက် ကွဲပြားသော Password များကိုအသုံးပြုပါ။

          မတူညီသော ဝက်ဘ်ဆိုက်တိုင်းတွင် ကွဲပြားသော Password များအား အသုံးပြုလေ့ရှိသောအကျင့်က အကောင့်တစ်ခု ပါသွားခဲ့လျှင်ပင် အချက်အလက် ခိုးယူခံရခြင်းမှ အပြည့်အဝ ကာကွယ်ပေးနိုင်ပါသည်။ သင် အဓိကအသုံးပြုများတဲ့ Password ကို အခြားသော ဝက်ဘ်ဆိုက်များတွင် အသုံးမပြုပါနှင့်။

Pop-ups များကို လျစ်လျူရှုထားပါ။

          Pop-ups များကို ဝင်ခွင့်ပြုခြင်းက အဖျက်အမှောက် ပရိုဂရမ်များကို Download လုပ်မိစေတတ်ပါသည်။ ထို့ကြောင့် E-commerce ကဲ့သို့သော ဝက်ဘ်ဆိုက်များပေါ်တွင် Site အား စစ်တမ်းကောက်ခြင်းကဲ့သို့သော Pop-up များပြုလုပ်ခြင်းအား ရှောင်ရှားရန် အမြဲအကြံပြုလိုပါသည်။

ဝက်ဘ်ဆိုက်များပေါ်တွင် အကောင့်အချက်အလက် အပြည့်အစုံ သိမ်းထားခြင်းအား ရှောင်ကြဉ်ပါ။
          ဝက်ဘ်ဆိုက်အများစုသည် Password သိမ်းဆည်းရန်နှင့် လိုအပ်လျှင် အသုံးပြုနိုင်ရန် အခြားသောအချက်အလက်များကို တောင်းခံတတ်ပါသည်။ ထိုသို့ သိမ်းဆည်းတတ်သော အလေ့အကျင့်ရှိခြင်းက စီးပွားရေးဆိုင်ရာ ဆုံးရှုံးခြင်းများအထိ ဖြစ်စေနိုင်ပါသည်။

၁၇။ ဝက်ဘ်ဆိုက်များ အသုံးပြုရာတွင် စွန့်စားမှုများ လျှော့ချရန် နည်းလမ်းများ

ပေါင်းစပ်ပါဝင်သည့် ဆော့ဖ်ဝဲလ်များအား Update လုပ်ပါ။

          App၊ Widget၊ Plugin Version အဟောင်းများသည် ကောင်းမွန်စွာ မလည်ပတ်နိုင်ကြဘဲ ၎င်းတို့သည် ဟက်ကာများအတွက် မလွယ်ပေါက်များ ဖြစ်နေတတ်ပါသည်။ ဝက်ဆိုက်ရေးသူများသည် လက်ရှိထွက်ရှိနေသော ဆော့ဖ်ဝဲလ် Version များကိုသာ အသုံးပြုသင့်ပါသည်။

လုံခြုံစိတ်ချရသော Hosting ကုမ္ပဏီများကို ရွေးချယ်ပါ။

          ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရသည့် အခွင့်အရေးများ နည်းပါးစေရန် ဝက်ဘ်ဆိုက်ပိုင်ရှင်များသည် ထူးခြားသော လုံခြုံမှုတိုင်းတာချက်များဖြင့် အလုပ်လုပ်ပြီး နောက်ဆုံးပေါ် Database နှင့် ပရိုဂရမ်များ အသုံးပြု၍ လုံခြုံရေးအား အလေးထားသော ကုမ္ပဏီများကိုသာ ရွေးချယ်သင့်ပါသည်။

Access ရယူခြင်းအား ပိတ်ပင်ရန် ".htaccess" ကိုအသုံးပြုပါ။

          ".htaccess" ဖိုင်အား အသုံးပြု၍ ကိုယ်မသိသော IP Address များမှ Login စာမျက်နှာအား ဝင်ရောက်ခြင်းကို လွယ်ကူစွာ ပယ်ချနိုင်ပါသည်။ WordPress (သို့မဟုတ်) Content Management System (CMS) အခြေပြု ဝက်ဘ်ဆိုက်များတွင် အသုံးပြုရန် အသင့်တော်ဆုံး၊ အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။

၁၈။ သမားရိုးကျ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ပရိုဂရမ်များက လုံလောက်သော ကာကွယ်မှု မပေးနိုင်ခြင်း

          ဆိုက်ဘာတိုက်ခိုက်မှုအများစုသည် ကောင်းမွန်စွာ စီမံပြုလုပ်ထားပြီး သမားရိုးကျ ခြိမ်းခြောက်မှုများဖြင့်ယှဉ်၍ များစွာထူးခြားကွဲပြားနေကြသောကြောင့် သမားရိုးကျ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ပရိုဂရမ်များသည် ကောင်းမွန်စွာ ကာကွယ်မှု မပေးနိုင်ကြပေ။ တကယ်တမ်းတွင် Online-Offline အန္တရာယ် ကိုင်တွယ်ဖြေရှင်းမှု ပရိုဂရမ်များအား မရွေးချယ်ဘဲ မည်သူမျှ လုံခြုံရေးအား စိတ်ချမထားနိုင်ပါ။ စီးပွားဖြစ် ထုတ်လုပ်ထားသော ဖြေရှင်းနည်းလမ်းများကို လူတိုင်းရနိုင်ပြီး ဟက်ကာများကလည်း ၎င်းလုံခြုံရေးစနစ်များကို ကြံဖန်နည်းလမ်းရှာ၍ လွယ်ကူစွာ ချိုးဖျက်နိုင်ပါသည်။ မျက်မှောက်ခေတ် ဟက်ကာများကမူ ပရိုဂရမ်၏အားနည်းချက်များ ထက်စာလျှင် Social Engineering ကိုအသုံးပြု၍ လူ့စိတ်ကိုသာ ထိုးနှက်တိုက်ခိုက်ကြပါသည်။ သမားရိုးကျ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ပရိုဂရမ်များက ထိုကဲ့သို့တိုက်ခိုက်မှုမျိုးအား ကာကွယ်နိုင်ခဲပါသည်။

၁၉။ ဆိုက်ဘာတိုက်ခိုက်မှုများအား ရှောင်ရှားနိုင်ရန်နှင့် နိုးကြားမှုရှိစေရန် နည်းလမ်းများ

လူမှုပေါ်တွင် တင်ထားသော မေးခွန်းလင့်များ၊ ဖောင်များကို စေ့စပ်စွာ စစ်ဆေးပါ။

          အကယ်၍ တစ်စုံတစ်ယောက်က သံသယဖြစ်ဖွယ်ရာ လင့်တစ်ခုကို တင်ထားလျှင် ၎င်း link ကို မနှိပ်ခြင်းက ပိုကောင်းပါသည်။ ဟက်ကာများသည် အဖျက်အမှောက်ဆော့ဖ်ဝဲလ်အား အတိုင်းအတာတစ်ခုထိ ပျံ့နှံ့စေရန် ထိုကဲ့သို့ Link များကို အသုံးပြုပါသည်။

ကြွေးဝယ်စာရင်းထုတ်ပြန်ချက်များကို သေချာစွာစောင့်ကြည့်ပါ။

          အကြွေးစာရင်းထုတ်ပြန်ချက်များကို ပုံမှန်စောင့်ကြည့်ခြင်းအားဖြင့် ပုံမှန်မဟုတ်သော အခြေအနေများကို လွယ်လင့်တကူ သိမြင်နိုင်စေသောကြောင့် သက်သေခံအချက်အလက်များ ခိုးယူခံရခြင်းမှ ကာကွယ်နိုင်ပါသည်။

ဝယ်သူများနှင့် သက်ဆိုင်သောအချက်အလက်များကိုသာ ထိန်းသိမ်းထားပါ။

          ဝယ်သူများနှင့် သက်ဆိုင်သော အချက်အလက်များကိုသာ ရယူထားခြင်းသည် အဆိုးဝါးဆုံးအခြေအနေဖြစ်လျှင်ပင် ဆုံးရှုံးခြင်းပမာဏများနှင့် သက်သေခံအချက်အလက်များ ခိုးယူခံရခြင်းများကို လျော့နည်းသက်သာစေပါသည်။

ဝတ်ဆင်အသုံးပြုနိုင်သော နည်းပညာများအား သတိထား၍ အသုံးပြုပါ။

          စမတ်နာရီများကဲ့သို့ ဝတ်ဆင်အသုံးပြုနိုင်သော နည်းပညာများသည် ကွန်ပျူတာအရံပစ္စည်းများနှင့် ချိတ်ဆက်မှုများ ပြုလုပ်ရန် ပင်မ Application များကို အသုံးပြုသောကြောင့် ဟက်ကာတစ်ယောက်သည် ထို ပင်မ Application များကို သိမ်းပိုက်နိုင်ရုံဖြင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသော စက်ပစ္စည်းများ၊ အချက်အလက်များအားလုံးကို ရယူနိုင်ပါလိမ့်မည်။ ထို့ကြောင့် ပြီးစလွယ် ဆော့ဖ်ဝဲလ်များဖြင့် ထုတ်လုပ်ထားသော စက်ပစ္စည်းများကို အသုံးမပြုရန် အရေးကြီးပေသည်။

၂၀။ အဖျက်အမှောက် ဆော့ဖ်ဝဲလ်။ ဆိုက်ဘာဒုစရိုက်သားများ၏ အထူးရွေးချယ်မှု

          အဖျက်အမှောက် ပရိုဂရမ်ဆိုသည်မှာ Scareware၊ Spyware၊ Ransomware၊ Worms၊ ကွန်ပျူတာဗိုင်းရပ်စ်သည့် မဖိတ်ခေါ်ဘဲ ရောက်လာတတ်သော ဆော့ဖ်ဝဲလ်များကို ခြုံ၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ Adware ကဲ့သို့ စိတ်ပျက်စရာ ဆော့ဖ်ဝဲလ်များသည်လည်း ၎င်းအဖျက်အမှောက်ဆော့ဖ်ဝဲလ်အုပ်စုထဲတွင် ပါဝင်ပါသည်။ Social Engineering လုပ်ခြင်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာ၏ အားနည်းချက်များကို ရှာ၍ ထိုးဖောက်ခြင်းများဖြင့်ဖြစ်စေ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ဆန်းသစ်သော အဖျက်အမှောက်ဆော့ဖ်ဝဲလ်များကို အသုံးပြုကြပါသည်။ Gozi၊ Vawtrack၊ Dridex များမှာ ဘဏ်များအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် အဆင့်မြင့် အဖျက်အမှောက် ဆော့ဖ်ဝဲလ်များ ဖြစ်ပါသည်။ ဖိုင်များ ပြောင်းလဲနေခြင်း၊ ပျောက်ဆုံးနေခြင်း၊ CPU အသုံးပြုမှုများ မြင့်မားလာခြင်း၊ မကြာခဏ ကွန်ပျူတာ ထိုးရပ်သွားခြင်း စသည်တို့သည် အဖျက်အမှောက်ဆော့ဖ်ဝဲလ်များ တိုက်ခိုက်ခံရမှု၏ အခြေခံလက္ခဏာများ ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။