ဆိုက်ဘာစွမ်းအားနှင့် အနာဂတ် စွမ်းအားတို့၏ ရှုထောင့်များ အပိုင်း(၄)

Image removed.၀၇.၀၁.၂၀၁၅ ခုနှစ်တွင် ဂျာမနီနိုင်ငံ လွှတ်တော်၏ Facebook စာမျက်နှာနှင့် နိုင်ငံရေးသမား Angela Merkel ၏ Twitter Account ကိုတိုက်ခိုက်နိုင်ခဲ့သည်။
Image removed.▶ ၁၁.၀၇.၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံရေးသမား John McCain ၏ ကွန်ပျူတာစနစ်ထဲကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုမှ ရိုက်ခဲ့ကြောင်းဆိုကာ အကြမ်းဖက်လုပ်ကြံမှု ဗီဒီယို တုကို ၎င်းကွန်ပျူတာမှတဆင့် အင်တာနက်ပေါ်တွင် ဖြန့်ဝေခဲ့သည်။ အဆိုပါ ဗီဒီယိုကို ဖြန့်ဝေခဲ့သည့် ရည်ရွယ်ချက်မှာ အရှေ့အလယ်ပိုင်းရှိ နိုင်ငံအများစုအပေါ် ပိတ်ပင်ခဲ့သည့် လုပ်ဆောင်မှုကို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။
ထူးခြားသော ကြားဝင်ရောက်တိုက်ခိုက်မှု တစ်ခုမှာ မတ်လ ၅ ရက် ၂၀၁၄ ခုနှစ်တွင် အက်စတိုးနီးယားနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး ၀န်ကြီးဌာနမှ Umas Paet နှင့် EU ၏ နိုင်ငံခြားဆက်ဆံရေး ကိုယ်စားလှယ် Catherin Ashton တို့ ဖုန်းခေါ်ယူစဥ် ယူကရိန်းနိုင်ငံနှင့် ပတ်သက်သော နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့သည့် ဖုန်းခေါ်ဆိုမှုကို တရားဝင်ကြေညာမှု မပြုခင်ကတည်းကပင် Cyberberkut အဖွဲ့က အင်တာနက်ပေါ်တွင် ဖွင့်ဟဖော်ပြခဲ့သည်။ စိတ်ဝင်စားစရာကောင်းသော အချက်မှာ ထိုအချိန်တွင် အက်စတိုးနီးယား တာ၀န်ရှိသည် အက်စတိုးနီးယား နိုင်ငံတွင်ရှိနေပြီး Catherin Ashton သည် Brussels တွင်ရှိနေသာအချိန်ဖြစ်သည်။
အထက်ဖော်ပြပါဖြစ်စဥ်ကို သုံးသပ်ရမည်ဆိုပါက အောက်ပါအတိုင်းဖြစ်ပါသည်။
Image removed.▶ ဓားစာခံသည် နိုင်ငံတကာအတိုင်းအတာနှုန်းဖြစ်နေခြင်း (ယူကရိန်းနိုင်ငံ၊ EU အဖွဲ့အစည်း၊ ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံ၊ အမေရိကန်နှင့် NATO အဖွဲ့အစည်းစသည်)။ Cyberberkut အဖွဲ့သည် Crimea ဒေသသို့ ရုရှား စစ်တပ် ကျူးကျော်ဝင်ရောက်မှုကို ဆန့်ကျင်သော နိုင်ငံနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားကြောင်း မြင်တွေ့ရသည်။
Image removed.▶ တိုက်ခိုက်မှုသည် ပုံစံအမျိုးမျိုးဖြင့် တိုက်ခိုက်နေပြီး ပစ်မှတ်သည်လည်း ပြန့်ကျဲနေခြင်း
− အင်တာနက်စာမျက်နှာကို ဖျက်ဆီးခြင်း (သို့) သုံးမရအောင် ဖန်တီးခြင်း၊ ဆက်သွယ်ရေး အဆောက်အဦနှင့် အရေးပါသော အဆောက်အဦတို့ကို တိုက်ခိုက်ခြင်း။
− နိုင်ငံတော်၏ ရာထူးအဆင့်မြင့် ပုဂ္ဂိုလ်တို့၏ ကွန်ပျူတာနှင့် Email မှတဆင့် လျှို့၀ှက်သတင်း အချက်အလက်များကို ခိုးယူခြင်း။
− ယူကရိန်းနိုင်ငံ အနောက်ပိုင်းရှိ တပ်မတော်၏ နည်းဗျူဟာနှင့် သက်ဆိုက်ရာ စာရွက်စာတမ်းပါ အချက်အလက်များကို Cyberspace မှတဆင့် ထောက်လှမ်းခိုးယူခြင်း။
− ယူကရိန်းနိုင်ငံ၏ pro-European လှုပ်ရှားမှုနှင့် ၀ါဒဖြန့်ချိမှုကို အနှောက်အယှက်ပေးခြင်း။ ဤအချက်သည် Cyberberkut အဖွဲ့၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်။
Image removed.▶ Cyber တိုက်ခိုက်မှုသည် နယ်ပယ်အသီးသီးတွင် သက်ရောက်မှုရှိပြီး အကျိုးသက်ရောက်မှု လျင်မြန်ခြင်း။
Image removed.▶ တိုက်ခိုက်မှု ပြုလုပ်သောအဖွဲ့အစည်း၏ စွမ်းရည်နှင့် မြင့်မားသော အတွေ့အကြုံ ပိုင်ဆိုင်မှုရှိနေခြင်းတို့ကြောင့် ယူကရိန်းနိုင်ငံနှင့် ဥရောပနိုင်ငံ မိုဘိုင်းကွန်ယက်များကို လျှို့၀ှက်စွာ ဖမ်း၍ ခိုးနားဆင်နိုင်ခြင်း။
Image removed.▶ တိုက်ခိုက်မှုပြုလုပ်သော အဖွဲ့အစည်း၏ လူ့စွမ်းအား အရင်းအမြစ်သည် လုံလုံလောက်လောက် ရှိနေခြင်းကြောင့် ယူကရိန်းနိုင်ငံမှာ ထူးခြားသော ဖြစ်စဥ်တစ်ခုဖြစ်တိုင်း ချက်ချင်းပင်ဆိုသလို တုန့်ပြန် လုပ်ဆောင် နိုင်ခြင်း။
Image removed.▶ တိုက်ခိုက်မှု အဖွဲ့အစည်းကို ခွဲခြမ်းလေ့လာကြည့်မည်ဆိုပါက ၎င်း၏တိုက်ခိုက်မှုသည် DDoS တိုက်ခိုက်မှုမှစ၍ Hacking Tools (သူလျှိုလုပ်ငန်းတွင် အသုံးပြုသော ကွန်ပျူတာ ပရိုဂရမ်) များသုံးသည်အထိ တွေ့မြင် နိုင်ပါသည်။ ထို့အပြင် အဆိုပါ အဖွဲ့အစည်း၏ တိုက်ခိုက်မှုသည် မြန်ဆန်ပြီး သာမန် Hacking Tools က မပေးစွမ်း နိုင်သော ဖျက်ဆီးမှု စွမ်းအားများရှိနေခြင်း။
အနှစ်ချုပ်ဆိုရသော် ဓားစာခံ၊ အသုံးပြုခဲ့သော အရင်းအမြစ်၊ တိုက်ခိုက်မှု၏ ရည်ရွယ်ချက်နှင့် တိုက်ခိုက်မှု ပုံစံတို့ကို လေ့လာခြင်းအားဖြင့် တိုက်ခိုက်မှု၏ နောက်ကွယ်တွင် သေချာပေါက် နိုင်ငံတော်က ထောက်ပံ့မှုပေးနေကြောင်း သိသာထင်ရှားစေပါသည်။ အဆိုပါတိုက်ခိုက်မှုသည် ရုရှားနိုင်ငံတစ်ခုတည်းက လုပ်ဆောင်သည်ဟု စွပ်စွဲ၍ မရသော အကြောင်းပြချက်တစ်ရပ်မှာ ယူကရိန်းနိုင်ငံသည် NATO အဖွဲ့အစည်း၏ ရန်သူသဖွယ် သဘောထားခံရသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်နေပါသေးသည်။
နိဂုံးချုပ်
Cyber စွမ်းအားသည် အင်တာနက်နှင့် ခေတ်မီသော ဆက်သွယ်ရေးစနစ်တို့မှ ဖြစ်ပေါ်လာပါသည်။ အဆိုပါ စွမ်းအားသည် အခြားစွမ်းအားများနှင့် ဖွဲ့စည်းတည်ဆောက်ပုံအစ အကျိုးသက်ရောက်ပုံ အပါအ၀င် ကွဲပြားခြားနားနေပါသည်။ လျင်မြန်သော ပျံ့နှံ့မှု၊ ထိရောက်စွာ အသုံးချနိုင်မှုနှင့် အသုံးချသူတို့ကို လွယ်ကူစွာ မသိမြင်နိုင်မှု စသည့် ဂုဏ်သတ္တိကြောင့် Cyber စွမ်းအားကို ပြန်လည်ခုခံနိုင်ရန် ခက်ခဲနက်နဲစေပါသည်။ အချို့ အင်အားကြီးနိုင်ငံများပင် Cyber စွမ်းအား၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိကြောင်းတွေ့ မြင်ခဲ့ပြီးဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအား (ခြေလျင်တပ်၊ ရေတပ်၊ လေတပ် စသည်) များသည် မျက်မှောက်ခေတ်တွင် Cyber စွမ်းအားဖြင့် အစားထိုး၍ မဖြစ်နိုင်သေးသော်လည်း အဆိုပါစွမ်းအားနှင့် Cyber စွမ်းအားတို့ ပေါင်းစပ်ပြီး အသုံးပြုနိုင်ပါက သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမည်။ ဤ အကြောင်းပြချက်ကြောင့် Cyber စွမ်းအားသည် အခြားစွမ်းအားကို ပံ့ပိုးပေးသော အခြေခံအုတ်မြစ်ဖြစ်နေသလို Cyber စွမ်းအား၏ စွမ်းအားအဆင့် (General Power Index) တွင်လည်း တစ်ဆပြီးတစ်ဆ မြင့်တက်လာသည်ကို တွေ့မြင် နိုင်ပါသည်။
အခြားစွမ်းအားများနည်းတူ Cyber စွမ်းအား၏ အကျိုးသက်ရောက်မှုသည် တစ်စတစ်စ တိုးပွား နေပါသည်။ Cyber စွမ်းအားကို အမြင့်မားဆုံးအသုံးပြုနိုင်သော ပုဂ္ဂိုလ်သည် အင်အားကြီးမားသော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိနိုင်ရန် အခွင့်အရေး ပိုမို၍ရရှိနိုင်မည်ဖြစ်သည်။ Cyber စွမ်းအားကို အသုံးပြုနိုင်သော ပုဂ္ဂိုလ် အမျိုးအစားသည် အမျိုးမျိုးခွဲခြားသတ်မှတ်နိုင်သော်လည်း အမှန်စင်စစ် အကျိုးရှိရှိနှင့် သက်ရောက်မှု စွမ်းအား ကြီးမားစွာ ပြုလုပ်နိုင်သော ပုဂ္ဂိုလ်သည် နိုင်ငံတော်မှ လွဲ၍ မည်သူမျှ မဖြစ်နိုင်ပါ။ နိဂုံးချုပ်ဆိုရလျှင် Cyber စွမ်းအားသည် စွမ်းအား အားလုံး၏ အခြေခံအုတ်မြစ်ဖြစ်နေပြီး ဥာဏ်ပညာထက်မြတ်ပြီး အမျှော်အမြင်ကြီးသော နိုင်ငံတိုင်းသည် Cyber စွမ်းအားကို အကျိုးရှိရှိ အသုံးချနေပါသည်။ Cyber စွမ်းအားနှင့် အခြားစွမ်းအားများ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသော အကျိုးဆက် သက်ရောက်မှုနှင့် ဖျက်ဆီးနိုင်မှုစွမ်းအားသည် မည်သူမျှ ခန့်မှန်း၍ အဖြေမရှာနိုင်သော ဆန်းကျယ်သည့် ပဟေဠိသဖွယ်ရှိနေပြီး ၎င်းစွမ်းအားကို အသုံးချသော ပုဂ္ဂိုလ်တို့၏ စွမ်းရည်နှင့် ထိန်းချုပ်မှုအပေါ်တွင် မူတည်နေမည်မှာ ဧကန်မုချ မြေကြီးလက်ခတ်မလွှဲပင် ဖြစ်ပါတော့သည်။

cyber

Author
Sai Htaung Kham