ဆိုက်ဘာစွမ်းအားနှင့် အနာဂတ် စွမ်းအားတို့၏ ရှုထောင့်များ အပိုင်း(၃)

Arthur Lazar ၏ "Cyberpower, a view into future powers" ကို Sai Htaung Kham မှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်။

ဆိုက်ဘာစွမ်းအားအသုံးချသောပုဂ္ဂိုလ်


ဆိုက်ဘာ စွမ်းအား၏ အသုံးချသော ပုဂ္ဂိုလ်ကို ဖော်ပြနိုင်ရန် ရှုပ်ထွေးလာပါပြီ။ အကြောင်းရင်းမှာ Cyberspace (အင်တာနက်) ထဲတွင် ဝင်ရောက်သုံးစွဲနေသူကို တိတိကျကျ ဖော်ပြနိုင်သလို လုံးဝဖော်ပြ၍ မရနိုင်သော အခြေအနေများလည်း ရှိနိုင်ပါသည်။ တစ်နည်းအားဖြင့် အစိုးရနှင့်သက်ဆိုင်သော ပုဂ္ဂိုလ်က သုံးစွဲနေပါသလား၊ အစိုးရနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်က သုံးစွဲနေပါသလား စသည် ​ဝေ ခွဲ၍မရနိုင်တော့ပါ။ စွမ်းအား အသုံးချမှုနှင့် ပတ်သက်နေသော သမိုင်းကို ပြန်လည်လေ့လာ ကြည့်မည်ဆိုပါက မျက်မှောက်ခေတ်တွင် ကျင့်သုံးနေသော နိုင်ငံတကာစနစ် (စည်းမျဉ်း၊ စည်းကမ်း ဥပဒေ) သည် နိုင်ငံတစ်နိုင်ငံမှ အစပြုခဲ့သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ Westphalia ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးစဉ် ကတည်းကစ၍ ၎င်းစာချုပ်မှတစ်ဆင့် နိုင်ငံတကာ၏စနစ်ကို ဖြစ်ထွန်းစေရန် အစပျိုးခဲ့ပါသည်။ တစ်နည်းအားဖြင့် Westphalia ငြိမ်းချမ်းရေးစာချုပ်မှတဆင့် မျက်မှောက်ကာလ တွင် ကျင့်သုံးနေသော နိုင်ငံတကာ စည်းမျဉ်း၊ စည်းကမ်းဥပဒေများ ပေါ်ပေါက်လာသည်ကို ဆိုလိုသည်။ Westphalia ငြိမ်းချမ်းရေးစာချုပ်ဟူသည် ဥရောပတခွင် နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော ဘာသာရေး စစ်ပွဲနှင့် ပြသနာများကို ချုပ်ငြိမ်းရန် သဘောတူစာချုပ်ပင်ဖြစ်သည်။ Westphalia ငြိမ်းချမ်းရေးစာချုပ်အရ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော နိုင်ငံတိုင်း၏ အာဏာနှင့် စွမ်းအားကို အတိအကျ သတ်မှတ်ထားရှိသည်။ နိုင်ငံ၏ စွမ်းအားနှင့် အရင်းအမြစ်များကို စစ်တပ်အင်အား၊ သယံဇာတ၊ နည်းပညာပိုင်ဆိုင်မှုနှင့် စီးပွားရေဖွံ့ဖြိုးမှု စသည်တို့ဖြင့်တိုင်းတာပြီး သိမြင်နိုင်ပါသည်။ တစ်နည်းအားဖြင့် ကျူးလွန်မှု တစ်ခုဖြစ်ပေါ်လာပါက လုပ်ပိုင်ခွင့်နှင့် စွမ်းအားကို အတိအကျ သတ်မှတ်ထား ရှိနေသောကြောင့် မည်သည့်နိုင်ငံ၏လက်ချက်၊ မည်သည့်နိုင်ငံက ကျူးလွန်သည် စသည်တို့ကို ခြေရာခံ၍ သိရှိနိုင်ပါသည်။ အမှန်စင်စစ် တည်နေရာနှင့် ဖြစ်တည်မှုမရှိသော Cyberspace တွင်မူ ဆိုက်ဘာစွမ်းအားကို အသုံးပြုနေသော ပုဂဂိုလ်သည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရများဖြစ်နေနိုင်သလို အစိုးရမဟုတ်သော အခြားပုဂ္ဂိုလ် အဖွဲ့အစည်းလည်း ဖြစ်နေနိုင်သည်။ လူတစ်ဉီးတစ်ယောက်အနေဖြင့်လည်း Cyberspace ကိ အသုံးပြုကာ နိုင်ငံတစ်နိုင်ငံနှင့် ၎၏ ပိုင်ဆိုင်မှုများကိုထိခိုက်ပျက်ဆီးစေနိုင်ပါသည်။

သမားရိုးကျအနေဖြင့် စွမ်းအားများကို အကျိုးရှိရှိ အသုံးချနိုင်သော ပုဂ္ဂိုလ်အများစုမှာ နိုင်ငံတော်အစိုးရ များပင်ဖြစ်သည်။ ဉပမာအားဖြင့် ဖျက်ဆီးမှုစွမ်းအားကြီးမားသော အဏုမြူဗုံးတင် တိုက်လေယာဉ်များ အသုံးပြုပြီး စစ်အင်အား ပြသခြင်း စသည့် အရင်းမြစ်များသည် စျေးကြီးရုံတင်မက သာမန် အဖွဲ့အစည်းများ လုပ်ဆောင်နိုင်စွမ်းမရှိသော စွမ်းအားပြသမှုမျိုး ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် တွေ့မြင်နိုင်သော ၎င်း တိုက်လေယာဉ်များသည်လည်း နိုင်ငံတော်အစိုးရမှ လွဲ၍ အခြားပုဂ္ဂိုလ် အဖွဲ့အစည်းများ ပိုင်ဆိုင်ခွင့်မရှိပါ။ အချုပ်ဖော်ပြရလျှင် ယခင် သမားရိုးကျ စွမ်းအားကို အသုံးပြုရာတွင် အသုံးပြုသော အရင်းမြစ်များမှ တဆင့် မည်သည့် ပုဂ္ဂိုလ်က လုပ်ဆောင်နေခြင်း စသည်တို့ကို တိတိကျကျ ပြောဆိုနိုင်သော်ငြားလည်း ဆိုက်ဘာ စွမ်းအားတွင်မူ ဖော်ပြရန် ခက်ခဲလှပါသည်။ ဉပမာ Cyberspace ထဲတွင် Hacker တစ်ယောက်အနေဖြင့် စျေးဝယ်သူတစ်ဈးထံမှ ၎င်း၏ အကြွေးဝယ်ကဒ် အချက်အလက်ကို ခိုးယူသုံးစွဲခြင်း၊ ဖွဲ့စည်းတည်ထောင် ထားသော Hacker အဖွဲ့တစ်ဖွဲ့မှ ကုမ္ပဏီတစ်ခု၏ အချက်အလက်များကို ခိုးယူပြီး ၎င်း ကုမ္ပဏီ၏ ပြိုင်ဖက်ဖြစ်သော ကုမ္ပဏီထံသို့ အချက်အလက်များရောင်းချခြင်း၊ နိုင်ငံတကာမှ Hacker များသည် နိုင်ငံတကာ ဘဏ်များ၏ လုံခြုံရေးစနစ်ကို တိုက်ခိုက်ခြင်းစသည့် နိုင်ငံတော် အစိုးရမှ လုပ်ဆောင်ခြင်းမဟုတ်သော ဖြစ်ရပ်များသည်လည်း Cyberspece ထဲတွင် စဥ်ဆက်မပြတ် ဖြစ်ပေါ်လေ့ရှိသည်။  သိုသော်ငြားလည်း တိုက်ခိုက်မှု ပုံစံတချို့ ကိုကြည့်၍ ၎တိုက်ခိုက်မှုသည် သာမန်ပုဂ္ဂိုလ်၊ လူ့အဖွဲ့အစည်းက လုပ်ဆောင်နိုင်ခြင်း မဖြစ်နိုင်သော အရင်းအမြစ်ကို သုံးစွဲပြီးတိုက်ခိုက်ခဲ့ပါက ၎တိုက်ခိုက်မှုသည် နိုင်ငံတော်အစိုးရက ပါဝင်ပတ်သက်နေနိုင်ကြောင်း ကောက်ချက် ချနိုင်ပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် ဆိုက်ဘာ စွမ်းအားအသုံးချသော ပုဂ္ဂိုလ်သည် Cyberspace ထဲတွင် အမျိုးမျိုး အဖုံဖုံ ရှိနေနိုင်သော်လည်း အဓိကကျသော ကြီးမားသော အရင်းအမြစ်များ သုံးစွဲနိုင်သော ပုဂ္ဂိုလ်မှာ နိုင်ငံတော်အစိုးရ ပင်ဖြစ်သည်။ အတွေ့အကြုံကို အခြေခံ၍ သုံးသပ်ရမည်ဆိုပါက Cyberspace အတွင်း သူလျှိုလုပ်ငန်း လုပ်ဆောင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော ပုဂ္ဂိုလ် အများစုမှာ နိုင်ငံတော်အစိုးရများ ပင်ဖြစ်သည်။


ထို့အပြင် စိတ်ဝင်စားစရာကောင်းသော မေးခွန်းတစ်ခုမှာ ဆိုက်ဘာလက်နက် (စွမ်းအား) ကိုအသုံးပြု နေသော ပုဂ္ဂိုလ်သည် နိုင်ငံတော်အစိုးရ ဟုတ်မဟုတ် မည့်သည့် နည်းလမ်းကိုကြည့်၍ ဆုံးဖြတ်နိုင်မည်နည်း ဟူသည့် မေးခွန်းပင်ဖြစ်သည်။ အကယ်၍ တပ်မတော်သား တစ်ဉီးက ဆိုက်ဘာလက်နက်ကို သုံးစွဲနေလျှင် တိတိကျကျ ပြောဆိုနိုင်သော်ငြားလည်း Cyberspace ၏ ဂုဏ်သတ္တိအရ လက်ပူးလက်ကြပ် ပြောဆိုနိုင်ရန် ခက်ခဲပြန်သည်။ ဆိုက်ဘာလက်နက်ကို အသုံးချပြီး ရာဇဝတ်မှုကျူးလွန်သူကို ဖော်ထုတ်ရန် နိုင်ငံတကာ ဆိုက်ဘာနှင့်သက်ဆိုင်သော ပညာရှင်တို့၏ အလုပ်တာဝန်ပင်ဖြစ်သည်။


ဆိုက်ဘာစွမ်းအား အသုံးချနိုင်သော ပုဂ္ဂိုလ်တို့၏ အမျိုးအစားကို ခွဲခြားပြရလျှင် အောက်ပါအတိုင်း ဖြစ်သည်။
(၁) နိုင်ငံတော်အစိုးရ
(၂) သေသေချာချာ ဖွဲ့စည်းထားသော အဖွဲ့အစည်း (ကုမ္ပဏီ၊ NGOs၊ Hacker အဖွဲ့များ) နှင့်
(၃) အဖွဲ့အစည်းမဟုတ်သော တစ်သီးပုဂ္ဂိုလ တို့ဖြစ်ကြသည်။


အထက်ဖော်ပြပါ အမျိုးအစားသည် အမြဲမှန်ကန်နေမည်မဟုတ်ပါ။ ဥပမာ တစ်သီးပုဂ္ဂိုလ Hacker သည် သက်ဆိုင်ရာ အဖွဲ့အစည်းကို ပါဝင်ကူညီ ပတ်သက်နေနိုင်သလို အဖွဲ့အစည်းအများစု၏ နောက်ကွယ်တွင် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုကိုလည်း ရယူနိုင်ပါသေးသည်။ ဥပမာ ရုရှားနှင့် တရုတ်ကဲ့သို့ နိုင်ငံများသည် တမူထူး အုပ်ချုပ်ရေး ဥပဒေများရှိနေသည့်အတွက် တစ်သီးပုဂ္ဂိုလနှင့် အဖွဲ့အစည်းများ၏ နောက်ကွယ်တွင် အစိုးရ၏ အထောက်အပံ့များရှိနေပြီး ရုပ်သေးရုပ်သဖွယ် လုပ်ဆောင်နေကြရပြန်သည်။ နိုင်ငံတကာ အနေနှင့်လည်း ကြိုးကိုင်နေသည့် အစိုးရကို လက်ပူးလက်ကြပ်မိပြီး အပြစ်တင်ပြောဆိုနိုင်ရန် အလွန်ခက်ခဲ နက်နဲစေပါသည်။


လွန်ခဲ့သော နှစ်အနည်းငယ်ခန့် ဆိုက်ဘာ တိုက်ခိုက်မှုတွင် နိုင်ငံတော်အစိုးရက လုပ်ဆောင်နေကြောင်း ခြေရာခံမိနိုင်ခဲ့သည်။ Stuxnet၊ Duqu၊ Animal Farm၊ APT 28 နှင့် Red October စသည့် အနတရာယ်ရှိသော ကွန်ပျူတာ ပရိုဂရမ် အချို့သည် NATO အဖွဲ့အစည်းနှင့် အမေရိကန်နိုင်ငံက လုပ်ဆောင်နေကြောင်း ခြေရာခံ မိနိုင်ခဲ့သည်။ NATO ဟူသည် မြောက်အတ္တလနတိတ် ငြိမ်းချမ်းရေး အဖွဲ့အစည်း (North Atlantic Treaty Organization) ဖြစ်ပြီး နိုင်ငံအများစုက ပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းပင်ဖြစ်သည်။ ၎င်းဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမည့် ရာစုနှစ် အနည်းငယ်တွင် ဆိုက်ဘာစွမ်းအားကို ကျင့်သုံးရာဝယ် နိုင်ငံတစ်နိုင်ငံက ကျင့်သုံးခြင်းထက် နိုင်ငံအများအပြားဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများက ကျင့်သုံးနိုင်ခြေရှိလာပါပြီ။

Cyberberkut – Hackers အဖွဲ့အစည်းများနှင့် ယူကရိန်းနိုင်ငံ၏ ဆိုက်ဘာ စစ်ပွဲ


၂ဝ၁၄ ခုနှစ်အစောပိုင်းတွင် ယူကရိန်းနိုင်ငံ၌ အစိုးရကို ဆန့်ကျင်သော Ukrainian pro European လှုပ်ရှားမှု (ဆန္ဒပြမှု) စတင်ပြီးနောက်ပိုင်း ယူကရိန်းသမ္မတ Viktor Yanukovich သည်လည်း ရာထူးမှ ဖယ်ရှားခံရပြီး ရုရှားနိုင်ငံသို့ တိမ်းရှောင် ထွက်ခွာသွားခဲ့ရသည်။ မကြာမီအချိန်မှာပင် Ukrainian Rada ခေါ် ယူကရိန်း လွတ်တော်သည် ရုရှား ဘာသာစကားကို ဒေသခံ ဘာသာစကားအဖြစ်ပြောင်းလဲရန် ဥပဒေကို အတည်ပြုပြီး နောက်ပိုင်း ရုရှား စစ်တပ်အနေဖြင့်လည်း ယူကရိန်းနှင့် ရုရှားနယ်စပ် တစ်လျှောက်တွင် တပ်ဖြန့်ခဲ့ရပြန်သည်။ ရက်သတ္တပတ်အနည်းငယ်ခန့် အချိန်ကုန်လွန်သွားသော် ရုရှားသမ္မတ Vladimir Putin သည် ယူကရိန်း၏ နိုင်ငံရေး အခြေအနေကို တပ်မတော်အနေဖြင့် ကြားဝင်စွက်ဖက်ရန် လွတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ တညီတညွတ်တည်း ထောက်ခံမဲကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ယူကရိန်းတွင် နေထိုင်နေသော ရုရှားနိုင်ငံသားများကို ကာကွယ်ရန် အကြောင်းပြုပြီး De jure ခေါ် ယူကရိန်းနိုင်ငံက တရားဝင်ပိုင်ဆိုင်ခွင့်ရသော Crimea ဒေသကို သမ္မတ Vladimir Putin က တပ်မတော်အနေဖြင့် ကြားဝင်စွက်ဖက်ခဲ့ရပြန်သည်။ အမေရိကန်၊ အနောက်နိုင်ငံများနှင့် နိုင်ငံတကာ၏ ဖိအားများကို ခံရနေသည့်တိုင် ရုရှားတပ်မတော်သည် ၎င်းဒေသကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး ပြသနာ အနည်းငယ်အချို့ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယူကရိန်း၏ လက်ရှိနိုင်ငံရေးပြသနာနှင့် ရုရှား၏ ပထဎီဝင်အရ ၎င်းလုပ်ဆောင်ချက်ကို မှန်ကန်သော လုပ်ဆောင်ချက်လော၊ နိုင်ထက်စီးနှင်းမှုလော စသည့် မေးခွန်းများ မည်သူမျှ တိတိကျကျ အဖြေမပေးနိုင်ခဲ့ပေ။ သို့သော် ၎င်းလုပ်ဆောင်ချက်ကြောင့် ပေါ်ပေါက်ခဲ့သော သိသာထင်ရှားသော ပြသနာမှာ Cyberspace တွင်စစ်ပွဲများဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ရုရှား၏ Cyberberkut ဟုအမည်ရသော Hacker အဖွဲ့အစည်းသည် ဆိုက်ဘာ စစ်ပွဲတွင် သိသာထင်ရှားစွာ ပါဝင်ပတ်သက်ခဲ့သည်။ Cyberberkut ဟူသည် ရုရှား ပညာရှင်များ စုစည်းထားသော အဖွဲ့အစည်းဖြစ်ပြီး Putin က Crimea ဒေသကို ကျူးကျော်ဝင်ရောက်စဥ်ကတည်းက ဖြစ်ပေါ်လာသော အဖွဲ့အစည်းဖြစ်သည်။ အဖွဲ့၏နာမည်သည် ၁၉၉၂ ခုနှစ်က ဖွဲ့စည်းခဲ့သော အထူးစုံးစမ်းစစ်ဆေးရေးအဖွဲ့ Berkut မှာ ဆင်းသက်လာခြင်းဖြစ်သည်။ ၎အဖွဲ့အစည်း၏ သမိုင်းကို ပြန်သုံးသပ်လျှင် ဆိုက်ဘာစစ်ပွဲကို တော်တော်များများဆင်နွဲခဲ့ပြီး သာဓက အနေဖြင့်ဖော်ပြရလျှင် ယူကရိန်းနိုင်ငံမှအစ အဆင့်မြင့်အဖွဲ့အစည်းဖြစ်သော EU နှင့် NATO တို့ကိုလည်း ဆိုက်ဘာတိုက်ခိုက်မှုနှင့် DDos တိုက်ခိုက်မှုကို အောင်မြင်စွာလုပ်ဆောင်ခဲ့သည်။ ယင်းအဖွဲ့အစည်း၏ အင်တာနက် ပင်မစာမျက်နှာကို လေ့လာပါက အဆိုပါအဖွဲ့သည် ဆိုက်ဘာ တိုက်ခိုက်မှုကို ၂ဝ၁၄ ခုနှစ် မတ်လမှစတင်ကာ pro-European လှုပ်ရှားမှု၏ အင်တာနက်စာမျက်ကို တိုက်ခိုက်ခဲ့သည်။ pro-European အင်တာနက်စာမျက်နှာဟူသည် အထက်တွင်ဖော်ပြခဲ့သော ယူကရိန်းနိုင်ငံ၏ pro European လှုပ်ရှားမှုကို လှုံ့ဆော်သော အင်တာနက်စာမျက်နှာ ဖြစ်သည်။ နောက်ပိုင်းတွင် ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားသူ ၈ဝဝ ကျော်တို့၏ ဖုန်းလိုင်းဆက်သွယ်မှုကို အနှောက်အယှက်ပြုသော သဘောဖြင့် တိုက်ခိုက် ခဲ့ပါသေးသည်။
အောက်ဖော်ပြပါ သာဓကသည် Cyberspace အတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သော ဖြစ်ရပ် အချို့ကို စုစည်းတင်ပြထားပါသည်။

 ၁၅.ဝ၃.၂ဝ၁၅ ခုနှစ်တွင် NATO အဖွဲ့အစည်းနှင့် အက်စတိုးနီးယား နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှု ခုခံကာကွယ်ရေးစင်တာ တို့၏ အင်တာနက်စာမျက်နှာများကို DDos တိုက်ခိုက်နည်းဖြင့် တိုက်ခဲ့သည်။ တိုက်ခိုက်မှု အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း NATO အဖွဲ့အစည်းမှ အတည်ပြုခဲ့သည်။
 ၂၂.ဝ၅.၂ဝ၁၄ ခုနှစ် ယူကရိန်း သမမတရွေးကောက်တင်မြောက်မှု မတိုင်ခင် ရက်အနည်းငယ်တွင် Cyberberkut အဖွဲ့သည် ယူကရိန်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်၏ ကွန်ပျူတာစနစ်ကို တိုက်ခိုက်ခဲ့သေးသည်။
 ၂၆.ဝ၇.၂ဝ၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံ တရားဝင် ကာကွယ်ရေးဉီးစီးဌာနချုပ်ရှိ အဆင့်မြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့၏ Email မှ သတင်းအချက်အလက်များကို ခိုးယူနိုင်ခဲ့သည်။

 ၁၄.ဝ၈.၂ဝ၁၄ ခုနှစ်တွင် ပိုလန်နိုင်ငံသမ္မတ၏ တရားဝင် အင်တာနက်စာမျက်နှာနှင့် Warsaw Stock EXchange စနစ်ကို အသုံးမပြုနိုင်အောင် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု Cyberberkut အဖွဲ့ကကြေညာခဲ့သည်။
 ၂၂.၁၁.၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ဒုသမမတ Joseph Biden က Kiev ကိုလာရောက်စဉ် အမေရိကန်နှင့် ယူကရိန်းနှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်နေမှု သတင်းကို Cyberberku အဖွဲ့ကပေါက်ကြားစေခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

Reference
"Cyberpower, a view into future powers" by Arthur Lazar

Author
Sai Htaung Kham